တပ်ကုန်း ဇန်နဝါရီ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဂုဏဝိသိဋ္ဌပူဇာသဘင်နှင့် (၄၂) ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ တပ်ကုန်း တပ်နယ်မှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မဟာသီဟနာဒ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက အဘိ ဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ အာစိဏ္ဏမထေရ်မြတ်က သာရဏီယဩဝါဒကထာမြွက်ကြားပြီး၊ ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက “အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ဝဏ္ဏာရဟ အရှင်သူမြတ်၊ ဘုရင့်နောင်ရပ်ကွက်၊ ဂိုဏ်ထောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္ဒိမာဓဇ အရှင်သူမြတ်တို့၏ ထေရုပ္ပတ္တိအကျဉ်းများနှင့် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်တို့၏ ထေရုပ္ပတ္တိအကျဉ်းများ ဖတ်ကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဧည့် ပရိသတ်များက ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌ ဆရာတော် ဦးသောဘဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက သာသနာတော်ရေးဆိုင်ရာများ လျှောက်တင်ခဲ့သည်။
ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် ပထမကြီးတန်း၊ ပထမလတ်တန်း၊ အခြေပြု မူလတန်းစာအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦညီညီထွေးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်၊ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ လှူဒါန်းမှုအစုစုကို နိုင်ငံ တော်ဗဟို သံဃဝန်ဆောင်၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်၊ ဆရာတော် ဦးပညာသာမိက ရေစက်ချတရားတော်ချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး၊ ဂုဏဝိသိဋ္ဌပူဇာနှင့် မဟာစူဠဘွဲ့နှင်းသဘင် အခမ်းအနား အောင်မြင်ပြီးမြောက်ကြောင်း အထိမ်းအမှတ် ငွေတောင်တောရစာချ နာယက အရှင်မေဓိယ (မိုးယံ-တပ်ကုန်းရေးသားသီကုံးသည့် “အောင်တေးဧည့်ခံ ဗုံထောက်သံ” တေးသီချင်းဖြင့် ပုလဲနု ဓမ္မတေးဂီတအဖွဲ့မှ တီးခတ်ပူဇော်ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)
No comments:
Post a Comment