Sunday, January 29, 2023

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေး



ကြံခင်း  ဇန်နဝါရီ  ၂၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဇီးပင်ကွင်းကျေးရွာအုပ်စု အုပ္ပုံတောင်ကျေးရွာ အနီးရှိ အုပ္ပုံစုပေါင်းစစ်ဆေးရေးဂိတ်သို့  ယမန်နေ့ ညနေပိုင်းက ရောက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဦးဆောင်သော အဖွဲ့အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊  ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ကြိုဆိုပြီး စုပေါင်းစစ်ဆေးရေး ယာယီဂိတ်ပြင်ဆင်ထားရှိခြင်း၊ တာဝန်ကျလုံခြုံရေးအဖွဲ့များဖြင့် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကွင်းအမှတ် ၅၈ (ဃ)၊ ဦးပိုင်အမှတ် (၁၉၆)၊  တောင်သူဦးရဲမင်းခိုင်၏ လယ်မြေတွင် နွေစပါးဧက (၁၀၀) စံပြစိုက်ပျိုးထားခြင်းကို ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံကာ ဓာတ်မြေဩဇာ ထည့်သွင်းစိုက်ပျိုးမှုအား ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ပေးခဲ့သည်။

ထို့နောက် ဘက်ရဲမြို့ နယ်မြေရဲစခန်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်ကွင်းကျေးရွာရှိ နေကြာ (၁၀)ဧက စိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်ထားခြင်းအားလည်းကောင်း၊ ဆုံလဲအုပ်စု ကွင်းအမှတ်(၂၃)၊  ကိုင်းကျွန်းမြေ(၂)ဧက ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုပြီးနောက် ဆက်လက်ထွက်ခွာလာရာ ဆုံလဲကျေးရွာအုပ်စု ဆိပ်သာရဲကင်းစခန်းသို့ ရောက်ရှိပြီး  ရဲကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ခံစစ်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ကြဖို့  မှာကြားကြောင်း သိရသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဦးဆောင်သော အဖွဲ့သည် ညနေ(၁၈၃၀) အချိန်တွင် ကြံခင်း-မြန်အောင်ကားလမ်းအတိုင်း မြန်အောင်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment