ပုသိမ် ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်း ဆောင်ရွက်ပြီးစီးမှုအား ဆရာတော်ကြီးများ၏ ဩဝါဒခံယူခြင်းနှင့် စတုတ္ထအကြိမ် အလှူငွေပေးအပ်ပွဲမင်္ဂလာ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိသုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက် နာယူကြည်ညိုကြသည်။
ယင်းနောက် ရင်ပြင်တော်တိုးချဲ့ပြုပြင် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ရင်ပြင်တော်တိုးချဲ့ပြုပြင် တည်ဆောက်ရေးနှင့် ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရင်ပြင်တော် တိုးချဲ့ပြုပြင်တည်ဆောက်ရေး ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ အလှူငွေရရှိမှု အခြေအနေများနှင့် သုံးစွဲမှုအခြေအနေများကို ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးကလည်းကောင်း ဆရာတော်ကြီးများအား အသီးသီးရှင်းလင်းတင်ပြ လျှောက်ထားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြတ်မော်တင် စေတီတော်မြတ်ကြီးသည် ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီး ဖြစ်ပါကြောင်း၊ ယခင်က သွားလာရေးခက်ခဲသော်လည်း ယခုအခါတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်ပြီဖြစ်ပါကြောင်း၊ စေတီမြတ်ကြီးအား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရေးနှင့် ပိုမိုကြည်ညိုဖွယ်ရာ ဖြစ်စေရေးတို့အတွက် ရင်ပြင်တော်အား တိုးချဲ့တည်ဆောက်လျက် ရှိပါကြောင်း၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အား တိုးချဲ့ဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏ ကြီးမားသဖြင့် အပိုင်း ၃ ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့် အနေဖြင့် ရင်ပြင်တော် အနောက်၊ မြောက်၊ အရှေ့ဘက်တို့အား ၇၀ ရာခိုင်နှုန်းအထိ တည်ဆောက်ပြီးစီးလျက်ရှိပြီး ဘုရားပွဲတော်အမီ ပြီးစီးအောင်တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အပိုင်းများအားလည်း အလှူရှင်များ၏ လှူဒါန်းမှု အစုစုမှရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း”ဖြည့်စွက်ရှင်းလင်းတင်ပြ လျှောက်ထားခဲ့သည်။
ဆက်လက်၍ အလှူရှင်များနှင့် ဌာနဆိုင်ရာများက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြို့၊ ရွာများအတွင်းရှိ ဘုရားကျောင်းကန်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ဆောင်ရွက်ခြင်းများအား ယနေ့တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ မိမိတို့ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်၊ ရွှေစည်းခုံ စေတီတော်မြတ်၊ စက်တော်ရာ စေတီတော်မြတ်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုရားစေတီများအား ရေသပ္ပာယ်ခြင်း၊ ထုံးသင်္ကန်းကပ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်တော်များအား တံမြက်လှည်းသန့်ရှင်းရေး ကုသိုလ်ယူခြင်းများ ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)




No comments:
Post a Comment