Wednesday, December 7, 2022

ချစ်ကြည်ရင်းနှီးမှုမှ ဖွံ့ဖြိုးတိုးတက်မှုဦးတည်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ပထမပတ်က သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာသော အကျိုးရလဒ်များကို လက်တွေ့မြင်တွေ့နိုင်ပြီဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကူးလူး ဆက်ဆံမှုများမှသည် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို စတင် ဖော်ဆောင်လာပြီဖြစ်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးက လာရောက်ဂါရဝပြု တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာကိစ္စများနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာကိစ္စများနှင့် အခြား လိုအပ်ချက်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအဖွဲ့များအား နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်ပေးမည့်အခြေအနေများ၊ စွမ်းအင်ဆိုင်ရာကိစ္စများ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်ခြင်း ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှု ထုတ်ကုန်များထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြား ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

လူ့အသိုက်အဝန်းတွင် မိတ်ကောင်း၊ ဆွေကောင်းများရှိနေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး အဆိုပါ အသိုက်အဝန်း၏ မျက်မှောက်၊ အနာဂတ်အတွက် ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်သည့်အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတစ်နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံနှင့်အလှမ်းဝေးသော နိုင်ငံဖြစ်သော်လည်း အနေနီးသည့် ရင်းနှီးချစ်ကြည်ဆက်ဆံရေးများ အစဉ်အဆက်ရှိခဲ့ပြီး မြန်မာနိုင်ငံကဲ့သို့ အားနည်းသောနိုင်ငံတစ်နိုင်ငံအပေါ် ဖြောင့်မတ်မှန်ကန်စွာဖြင့် မိတ်ကောင်း ဆွေကောင်း ပီပီသသဆက်ဆံမှုများသည် နိုင်ငံအတွက် အင်အားတစ်ရပ်ဖြစ်စေသည်။ ယခုအခါ ချစ်ကြည်ရင်းနှီးမှုများမှသည် နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် အကျိုးရလဒ်ကောင်းများကို လက်တွေ့ဖော်ဆောင်နေသဖြင့် ဝမ်းမြောက်မိသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှာ ခြေလှမ်းသွက်သွက်ဖြင့် အရှိန်အဟုန်ဖြင့် လှမ်းတက်လာနေသည်ကိုတွေ့ရသည်။ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာစေရန်ရည်ရွယ်၍ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို တတိယအကြိမ်မြောက်ကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများရရှိလာခဲ့သည်။ နှစ်နိုင်ငံတိုးတက်မှု အခြေအနေများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ဆက်လက်အကောင်အထည်ဖော်ရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

တတိယအကြိမ် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေးသို့ နှစ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ရုရှားကုမ္ပဏီ ၁၀၀ ကျော်နှင့် မြန်မာကုမ္ပဏီ ၂၀၀ ခန့်တို့မှ စီးပွားရေးကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲရလဒ်များအရ ရုရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီတို့အကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများရရှိခဲ့ပြီး မြန်မာနိုင်ငံစီးပွားရေးအတွက် အကျိုးရလဒ်များစွာ ဖော်ဆောင်လာနိုင်မည်ဖြစ်သည်။ ရင်းနှီးချစ်ကြည် တွေ့ဆုံဆွေးနွေးခြင်း၏ အကျိုးရလဒ်အဖြစ် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စီးပွားရေး မိတ်ဖက် ကောင်းများအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ ၂၀၂၂ ခုနှစ်သည် ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် ထူးခြားသောနှစ်ဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များ ရင်းနှီးချစ်ကြည် ထိတွေ့ဆက်ဆံမှုများ မှတစ်ဆင့် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည့် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ရာ မိတ်ဆွေညီအစ်ကိုနိုင်ငံ စီးပွားရေးမိတ်ဖက်ကောင်းများအဖြစ် အစဉ်အမြဲ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများကို မြှင့်တင်ဖော်ဆောင်ပေးနေပြီဖြစ်ပါကြောင်း။          

No comments:

Post a Comment