Wednesday, December 7, 2022

မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးသို့


ခေတ်မီဆေးဝါးအတတ်ပညာများမပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူ့အဖွဲ့အစည်းတို့တွင် ကျန်းမာရေးအတွက် ရိုးရာဆေးပညာကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုးအားထားပြု သုံးစွဲခဲ့ကြရသည်။ မြန်မာ့တိုင်းရင်းဆေးသည်လည်း ရှေးနှစ်ထောင်နှင့်ချီသည့် ကာလကပင် ရှိခဲ့ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်အဆက်ဆက် တို့တွင် တစ်စတစ်စခိုင်မြဲအခြေကျလာခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာတွင် အိန္ဒိယ ဆေးကျမ်းများ၏ ဩဇာလွှမ်းမိုးမှုများရှိခဲ့သလို မြန်မာမင်းများက ပတ်ဝန်းကျင်နိုင်ငံများကို သိမ်းသွင်းရာမှ ဆေးဝါးအတတ် ကျွမ်းကျင်သူများ၊ အရိုးကျိုး အရိုးဆက်ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်လာခဲ့သည်များလည်း ပေါင်းစည်းပါဝင်ခဲ့သည်။

မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းတွင် မြန်မာတို့ ကိုလိုနီလက်အောက်ခံဘဝ ကျရောက် ခဲ့ရပြီးနောက် မြန်မာ့တိုင်းရင်းဆေးကဏ္ဍမှာလည်း မှေးမှိန်သွားခဲ့ရကြောင်းနှင့် ဒုတိယကမ္ဘာစစ် ကာလတွင်မူ အနောက်တိုင်းဆေးဝါးများ ရှားပါးပြတ်လပ်မှုများနှင့် တွေ့ကြုံရမှုကြောင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများကို အဓိကပြန်လည်သုံးစွဲလာကြရကြောင်းကို တွေ့ရှိရသည်။ စစ်ကြိုခေတ် ၁၉၃၀ ပြည့်နှစ်တွင် တိုင်းရင်းဆေးပညာစုံစမ်းရေး ကော်မတီ တစ်ရပ် ထွက်ပေါ်လာပြီး အဆိုပါကော်မတီက တိုင်းရင်းဆေးပညာကျောင်းဖွင့်လှစ်ရေး၊ ပရဆေးဥယျာဉ်တည်ဆောက်ရေး၊ တိုင်းရင်းဆေးရုံနှင့်ဆေးခန်းများ တည်ထောင်ရေးတို့ကို ဗြိတိသျှအစိုးရအား အစီရင်ခံခဲ့သော်လည်း အကောင်အထည်ပေါ်လာခြင်းမရှိခဲ့။ သို့ရာတွင် မြန်မာ့တိုင်းရင်းဆေးပညာရှင်အသိုက်အဝန်းမှာ နိုးကြားလာခဲ့ကြသည်ဟုဆိုသည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်တွင် တိုင်းရင်းဆေး အခမဲ့ဆေးခန်းများ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပေါ်ပေါက်လာပြီး ၁၉၅၅ ခုနှစ်တွင် တိုင်းရင်းဆေးဆရာအဖွဲ့ အက်ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်း၍ တိုင်းရင်းဆေးဆရာများကို မှတ်ပုံတင်စေခဲ့ရာ ၁၉၆၂ ခုနှစ်သို့ ရောက်ရှိသည့်အခါ မှတ်ပုံတင်တိုင်းရင်းဆေးဆရာ ၂၂၅၈၃ ဦး ရှိခဲ့သည်။ ယင်းနှစ်တွင် စနစ်တကျ အရည်အချင်းစစ်စာမေးပွဲဖြင့် စစ်ဆေးခြင်းမပြုဘဲ မှတ်ပုံတင်ပေးထားသော တိုင်းရင်းဆေးဆရာများကို ဖျက်သိမ်း၍ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ နက္ခတ္တနယ ဟူသော ဘာသာရပ်သုံးမျိုးဖြင့် အရည်အချင်းစစ်ဆေးပြီး အောင်မြင်သူများကိုသာ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်ထုတ်ပေးခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကိုလည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ တိုင်းရင်းဆေးပညာ ဆွေးနွေးပွဲကြီးကိုလည်းကောင်း ကျင်းပခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံမှာ ယခုနှစ်တွင် (၂၁)ကြိမ်မြောက်အဖြစ် ကျင်းပတော့မည်ဖြစ်သည်။ ညီလာခံနှင့်အတူ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကိုပါ နေပြည်တော် MICC II တွင် ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာကုထုံးများ၊ တိုင်းရင်းဆေးဝါးများ နှင့် ပြည်သူလူထု၏ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရေး၊ အစွမ်းထက် တိုင်းရင်းဆေးဝါးများနှင့်ကုထုံးများ ပေါ်ထွက်လာရေးအတွက် သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး စသည်တို့အပါအဝင် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment