နေပြည်တော် ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့ ၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက်
မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြောင်မြို့၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ
မြို့နယ်ဦးစီးမှူးရုံးအား PDF
အမည်ခံ
အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊
ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။
အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့်
သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းတစ်ထပ် အဆောက်အဦရုံးတစ်လုံး၊ အဆိုပါရုံးအတွင်း ထိန်းသိမ်းထားရှိသည့်
သစ်သားဘီရို ၅ လုံး၊ သစ်သားစားပွဲ ၁၄ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ ဖိုင်တင်စင်
၂၄ စင်၊ လျှပ်စစ်မီတာတစ်လုံး၊ ရုံးသုံးတယ်လီဖုန်းတစ်လုံး၊ ရုံးသုံးစာရွက်စာတမ်းများနှင့်
ဖိုင်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။
ထိုသို့ နိုင်ငံတော်ပိုင်
ရုံး၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍
ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment