Friday, November 4, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။





အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မှုဇုန်များအလိုက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများနှင့် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ဆီထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ထားဝယ်ခရိုင် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာယုစိန်၊ အောင်ဇမ္ဗူ ကိုကိုးပျိုးပင်နှင့် ကိုကိုးတန်ဖိုးမြှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးနေလင်းအောင်၊ ထားဝယ်ခရိုင် ကွမ်းသီးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဖြိုးပိုင်ဦး၊ ဩဇာမင်းသဘာဝမြေဩဇာ ထုတ်လုပ်ရေးစက်ရုံ လုပ်ငန်းရှင် ဦးစိုးထက်အောင်၊ ရွှေဥဩထားဝယ်ခရိုင်ရိုးရာ ယက္ကန်းကော်မတီ အဖွဲ့ဝင် ဦးနေမင်း၊ ထားဝယ်ခရိုင် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးအောင်ဝင်း၊ ရေထွက်ကုန်ပစ္စည်းနှင့် ဒေသထွက်ကုန်ပစ္စည်းများ တန်ဖိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းရှင် ဦးအောင်မင်းနိုင်၊ ရာဘာသစ်အခြေခံ သစ်အချောထည် စက်ရုံလုပ်ငန်းရှင် ဦးနော်အောင်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (တနင်္သာရီဇုန်) ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တက်ရောက်လာကြသူများက ထားဝယ်ခရိုင်အတွင်း ရာဘာစိုက်ပျိုး ထုတ်လုပ်နေမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိမှု၊ ရာဘာထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများ လိုအပ်လျက်ရှိမှု၊ စက်မှုကုန်ကြမ်းပင်များ စိုက်ပျိုး၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သဘာဝမြေဩဇာ ထုတ်လုပ်လျက်ရှိမှု၊ ယက္ကန်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်လျက်ရှိမှုနှင့် ကမ်းနီးငါးဖမ်းလှေများအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးစေလိုမှု၊ ထားဝယ်ဒေသတွင် MSME လုပ်ငန်းများအတွက် စက်မှုဇုန်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းမှ ထွက်ရှိသည့် ရာဘာသစ်များကို သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်ရောင်းချ လျက်ရှိမှု၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးစေလိုမှု၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦးတို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံတော်မှချေးငွေများကို ကာလအပိုင်းအခြားအလိုက် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး တင်ပြချက်များတွင် ပါဝင်သည့် ချေးငွေရယူလိုမှုအပေါ် သတ်မှတ်ချက်နှင့်အညီခွင့်ပြုပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ ချေးငွေများ ပြန်လည်ရရှိမှသာလျှင် နိုင်ငံတော်၏ လည်ပတ်သုံးစွဲငွေများ ပြန်လည်ရရှိမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရယူထားသည့် ချေးငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီပြန်လည်ပေးဆပ်ရန် လိုအပ်မှု၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအစုအဖွဲ့များ ဖွဲ့စည်း၍ လိုအပ်သည်များ ကူညီပံ့ပိုး ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်း၍ Contract Farming စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ငါးလုပ်ငန်းအတွက် အဖိုးတန်သည့် ဒီရေတောများကို ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်မှု၊ ကြိမ်လုပ်ငန်းမှလည်း ဒေသတွင်း ဝင်ငွေ တိုးပွားစေနိုင်သည့်အတွက် စဉ်ဆက်မပြတ်အောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်မှု၊ ဒေသတွင်း ထုတ်ကုန်များအား ကူးသန်းရောင်းဝယ်မှု လွယ်ကူစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက် အလက်မှန်ကန်စွာ ရရှိစေရေးအတွက် ကြေညာချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည် ဆွေးနွေးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထားဝယ်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်၍ ဒေသအသီးသီးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်ပြီး တင်ပြချက်များအပေါ် မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်က နိုင်ငံတွင် စီးပွားရေးစနစ် အမျိုးမျိုးကို ကျင့်သုံးခဲ့ကြပြီး အဆင်ပြေခဲ့သည်များရှိသကဲ့သို့ မအောင်မြင်ခဲ့သည်များလည်း ရှိခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေး စနစ်ဖြင့် လျှောက်လှမ်းဆောင်ရွက်ခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် ကုန်သွယ်မှုလိုငွေများ များစွာပြခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းစီးပွားရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာ ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေများကို ပြည်ပချေးငွေ၊ ထောက်ပံ့ငွေများနှင့် Non-Trade များမှ ရရှိသည့် နိုင်ငံခြားငွေများမှ သုံးစွဲနိုင်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် အခက်အခဲများစွာရှိခဲ့ပြီး ၎င်းတို့ကို ကျော်လွှား၍ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းများ လည်ပတ်မှု စဉ်ဆက်မပြတ်စေရေး ကိုဗစ်-၁၉ ကာလ အတွင်းစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သည် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် ပြည်တွင်းစားသုံးမှု၌ ထိခိုက်မှုမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် ခိုင်မာသေချာမှုအရှိဆုံးသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေး မြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်ဖြစ်ကြောင်း။

ဒေသနှင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အကျိုးရှိစွာ အသုံးချ၍ ကုန်ထုတ်လုပ်မှုကို မြှင့်တင်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရာဘာစိုက်ပျိုးမှုများစွာရှိပြီး အဆိုပါ ရာဘာ ထုတ်ကုန်များကို အသုံးပြု၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအတွက် တာယာလုပ်ငန်း၊ ဖိနပ်လုပ်ငန်းနှင့် အခြားလူသုံးပစ္စည်းအမျိုးမျိုးကို နည်းပညာ အသုံးပြုကာ ပြည်တွင်း၌ အဆင့်မီထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအကျိုးကို ပိုမိုဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ အခြားပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုပြီး လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းစီးပွားရေးကို မြှင့်တင်အားပေးနိုင်မည်ဖြစ်ပြီး ပြည်ပသွင်းကုန်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဝါး၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကိုလည်း စက္ကူပျော့ဖတ်အပါအဝင် အခြားလူသုံးကုန်၊ ကုန်ချောပစ္စည်းအမျိုးမျိုးကို အဆင့်မီထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက MSME လုပ်ငန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထားဝယ်ခရိုင်အတွင်း စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုခြင်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ခိုင်မာမှု အရှိဆုံးသော စီးပွားရေးလုပ်ငန်းပင်ဖြစ်ကြောင်း၊ ရေထွက်သယံဇာတများအား ထုတ် ယူခြင်းအပြင် ငါးမွေးမြူရေးလုပ်ငန်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များမှ တိရစ္ဆာန်အစာများ ထုတ်လုပ်၍ အခြားမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် သားရေများဖြင့် သားရေနှင့်ပတ်သက်သည့် သုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ အုန်းစိုက်ပျိုး၍ရသည့် နေရာများစွာရှိပြီးဖြစ်သဖြင့် အုန်းစိုက်ပျိုးမှုများ ဆောင်ရွက်ပြီး အုန်းထွက်ပစ္စည်းများကို အဆင့်မီထုတ်လုပ်၍ ရနိုင်ကြောင်း၊ ထို့ကြောင့် ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

ကုန်ကြမ်းပစ္စည်း၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ ရရှိရန်လိုအပ်

အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စေရေးအတွက် ကုန်ကြမ်းများ၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ ထုတ်လုပ်သည့် ပစ္စည်းများ ဈေးကွက်ရရှိစေရေးအတွက် ပစ္စည်းများ၏ အရည်အသွေး ကောင်းမွန်ရန်နှင့် သေသပ်ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိသည့် ထုပ်ပိုးမှုပုံစံလည်း ရှိရမည်ဖြစ်ကြောင်း၊ အရင်းအနှီးနှင့် ပတ်သက်၍ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အတိုးနှုန်းများဖြင့် ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများရရှိရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရှိရန်လိုအပ်ကြောင်း၊ ပညာရေးကို အားပေးမှသာလျှင် ဒေသနှင့် နိုင်ငံ၏ လူသားအရင်းအမြစ်များသည်လည်း ပေါကြွယ်ဝလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးတစ်ယောက်ချင်းမှစ၍ ပညာရေးကို အလေးထား အားပေးဆောင်ရွက်ကြစေလိုကြောင်း။

ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး

ထားဝယ်ဒေသသို့ နယ်စပ်မှတစ်ဆင့် ပြည်ပခရီးသွားများ ဝင်ရောက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့ဒေသ၏ သန့်ရှင်းသာယာလှပရေးကို ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံများက တာဝန်သိစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ အလားတူ နယ်မြေတည်ငြိမ်အေးချမ်းမှသာလျင် ဒေသသို့ လာရောက် သူများ များပြားလာမည်ဖြစ်သည့်အတွက် နယ်မြေဒေသအေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အိမ်သာ မှသာလျင် ဧည့်လာမည်ဖြစ်သဖြင့် မိမိတို့ဒေသ သန့်ရှင်းသာယာလှပရေး၊ တည်ငြိမ် အေးချမ်းရေး ဝိုင်းဝန်းဆောင်ရွက်၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန် ချောမွေ့စေရေးအတွက် ထားဝယ်ဒေသသို့ မီးရထားလမ်းဖောက်လုပ်နိုင်ရေး ကြိုတင် ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်း။

စက်သုံးဆီသုံးစွဲမှုများကိုလည်း လျှော့ချစေလိုပြီး စက်သုံးဆီများကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲရကြောင်း၊ လျှပ်စစ်စွမ်းအား အသုံးပြုသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက စက်သုံးဆီ သုံးစွဲနေရမှုများကိုလည်း များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျသွားမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေး တိုးတက်လာသည်ကို တွေ့ရှိရပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သည့် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနေထိုင်သူများက ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ပံ့ပိုးမှုများကိုလည်း နိုင်ငံတော်မှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment