Friday, November 4, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက်ဘက်(၁၇)မိုင် ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စီမံကိန်းရှင်းလင်းဆောင်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးတို့က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ရန် နှောင့်နှေးကြန့်ကြာခဲ့ရမှု၊ စီးပွားရေးဇုန်နယ်နိမိတ်အတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန် ဆိပ်ခံတံတားများ၊ စက်ရုံများ၊ အဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာအတွက်လည်း အထောက်အကူဖြစ်စေကြောင်း၊ ဗီယက်နမ်နိုင်ငံမှ ဆိပ်ကမ်းအား အရှေ့အာရှနိုင်ငံများမှအသုံးပြု၍ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ပို့ဆောင်ပြီး တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသသို့ လည်းကောင်း၊ အနောက်ဘက်ဒေသနိုင်ငံများမှ ထားဝယ်ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့မှ အာရှအရှေ့ပိုင်းထိ ပို့ဆောင်နိုင်သဖြင့်အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ စီမံကိန်းအတွင်း ယခင်ကတည်းက လျာထားဆောင်ရွက်ခဲ့သည့် တည်ဆောက်ပြီး အဆောက်အဦများအား ပျက်စီးမှုမရှိစေရေးနှင့် ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ သက်ဆိုင်ရာကော်မတီမှတစ်ဆင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ဖြေရှင်းပြီးအောင်မြင်အောင် ဆက်လက်အကောင်အထည် ဖော်ဆောင်သွားရမည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားသည်။

ထို့နောက် စီမံကိန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး စီမံကိန်းအကွက်ချပုံစံငယ်အား ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း လျာထားသည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment