Friday, November 4, 2022

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေကာလ သက်တမ်း(၂)နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်

ကုစားရေးလုပ်ငန်းကော်မတီ

သတင်းထုတ်ပြန်ချက် ( ၃/ ၂၀၂၂)

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေကာလ သက်တမ်း(၂)နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာခြင်း

၁။ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ဦးစားပေးကဏ္ဍအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံမှ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅,၉၉၀ ခု၊ ချေးငွေပမာဏ ကျပ် ၁၅၈.၄၄၃၈ ဘီလီယံကို ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ အောက်ပါလုပ်ငန်းများအား ဦးစားပေး ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်-

(က)    CMP လုပ်ငန်းများ၊

(ခ)     ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊

(ဂ)     အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊

(ဃ)    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊

(င)     ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊

(စ)     သွင်းကုန် အစားထိုး ပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊

(ဆ)    ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain)     တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊

(ဇ)     စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊

(ဈ)     ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ၊

(ည)    အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ။

၂။ နိုင်ငံတော်အနေဖြင့် အဆိုပါ ချေးငွေထုတ်ပေးခဲ့သည့် ကုမ္ပဏီ/ လုပ်ငန်း ၅,၉၉၀ ခုကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ချေးငွေပြန်ဆပ်ရန်ကာလအား ချေးငွေကာလ သက်တမ်းတစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၆)လ သက်တမ်းတိုးမြှင့်ပေးပါကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၁၁ ရက်နေ့တွင် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း(၁)နှစ် (၆)လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်(၆)လ ထပ်မံသက်တမ်းတိုးမြှင့် ပေးပါကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း သက်တမ်း(၁)နှစ် တိုးပေးခဲ့ပြီးဖြစ်ပါသည်။

၃။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံ ရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကိုချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍ နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၄။ သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ကုမ္ပဏီ/ လုပ်ငန်း ၅,၉၉၀ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း(၂)နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်း တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)    ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီးဖြစ်ရပါမည်၊

(ခ)     ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီးဖြစ်ရပါမည်၊

(ဂ)     ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းဖြစ်ရပါမည်။

၅။ လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး

သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ

No comments:

Post a Comment