Monday, November 7, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Far Eastern Federal University ၌ ကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်

 

နေပြည်တော် နိုဝင်ဘာ ၆


နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University ၌ နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်ငါးဦးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ် အမှတ်၊ 8M-333 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာသည်။

ဆွေးနွေးညှိနှိုင်းကြမည်

အဆိုပါ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University တို့အကြား ဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာခွဲစိတ် ကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လေ့ကျင့်သင်တန်းပေးခြင်းများအတွက် နှစ်ဦး နှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှုသင်တန်းများ၊ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးသင်တန်းများ၊ ကလေးခွဲစိတ်ကုသမှုသင်တန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှဆေးပညာရှင်များ စေလွှတ်သင်ကြား နိုင်ရေး၊ ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာရပ်သင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာ ခွဲစိတ်ကုသမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး နှစ်နိုင်ငံဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment