Monday, November 21, 2022

လူ့အခွင့်အရေးအမည်ခံ လုပ်ကြံဇာတ်လမ်း



မျက်မှောက်ကာလ လူ့အခွင့်အရေးအကြောင်းပြောလျှင် ပြီးခဲ့သည့် ရာစုနှစ်နှစ်ခုဆီမှ ကိုလိုနီနယ်ချဲ့အင်ပါယာများနှင့် ကမ္ဘာစစ်ကြီးနှစ်ခုတို့ကို ပြန်လည်အမှတ်ရရန်လည်း လိုအပ်သည်။ သာသနာပြုရန်၊ ကုန်ကြမ်းများရယူရန်၊ ကုန်ချောများရောင်းချရန်၊ ဈေးကွက်လက်ဝါးကြီးအုပ်ရန်ဟူသော အကြောင်းပြချက်အမျိုးမျိုးဖြင့် (တစ်နည်းဆိုရလျှင်) အတိုင်းမသိကြီးမားလှသော လောဘဇောဖြင့် ကမ္ဘာ့အနောက်ခြမ်းမှ နိုင်ငံအချို့က ကျန်ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့ကို သိမ်းပိုက်ကျွန်ပြုခဲ့ခြင်း၊ နယ်ချဲ့လက်ဟောင်းနှင့် နယ်ချဲ့လက်သစ်နိုင်ငံများအချင်းချင်း စားကျက်လုကြရာမှ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ရပြီး နှစ် ၃၀ ခန့်ကြာသည့်အခါတွင် ယင်း၏ နောက်ဆက်တွဲဖြစ်သော ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ခြင်း တို့သည် လူအဖြစ်မွေးဖွားလာသူတိုင်းတွင် တူညီသောအခွင့်အရေးရှိသည်ဟူသော အယူဝါဒဖြစ်ပေါ်လာစေသည့် အခြေခံအကြောင်းတရားများပင်ဖြစ်သည်။

ဗြိတိသျှလက်အောက်သို့ ကိုလိုနီအဖြစ်ကျရောက်ခဲ့သည့် မိမိတို့နိုင်ငံ၏ ကျွန်ဘဝအတွေ့အကြုံများတွင်ပင် လွန်စွာဆိုးရွားပြင်းထန်လှသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု များစွာရှိခဲ့သည်။ တော်လှန်ရေးတပ်သားများကို ဓားပြအဖြစ် စွပ်စွဲ၍ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်ရာတွင် ဝေဒနာခံစားရပုံနှင့် မျက်နှာပုံပျက်ပန်းပျက်ဖြစ်သွားရပုံတို့ကို စိမ်ပြေနပြေဓာတ်ပုံရိုက်ယူခြင်း၊ အင်္ဂလိပ်တို့၏စစ်သည် လုပ်ကြံခံရသည့်နေရာအနီးရှိရွာကို ရွာလုံးကျွတ် အမျိုးသမီးနှင့် ကလေးပါမကျန်သတ်ဖြတ်ခြင်း၊ ‌တောင်သူလယ်သမား တော်လှန်ရေးသမားများကို ခေါင်းဖြတ်၍ တန်းစီပြသခြင်း၊ မြန်မာ့မြေပေါ်၌ ပြေးဆွဲသည့်ရထားတွင် ဥရောပတိုက်သားများသာဟူသော စာတန်းချိတ်ဆွဲထားသည့် တွဲပေါ်သို့ မြန်မာတိုင်းရင်းသားများ တက်ခွင့်မရှိခြင်း၊ ပညာအရည်အချင်းနှင့် ရာထူးတူလျှင်ပင် မြန်မာလူမျိုးဆိုပါက နှိမ့်ချဆက်ဆံခြင်းနှင့် ဗမာနှင့်ခွေးမဝင်ရဟူသော ကလပ်မျိုးပင်ရှိခဲ့ခြင်း စသည်ဖြင့် မှတ်တမ်းဝင်ဖြစ်ရပ်များစွာ၊ မှတ်တမ်းမဝင်ဖြစ်ရပ်များစွာ ရှိခဲ့သည်။

ကမ္ဘာစစ်ကြီးနှစ်ခုအတွင်း ကမ္ဘာပေါ်ရှိ လူ့အသက်သန်းပေါင်းများစွာ သေကျေပျက်စီးခဲ့ရာတွင် လက်နက်ကိုင်စစ်သည်များမဟုတ်သော အရပ်ဘက်မှ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အိုရှိရှိသမျှတို့မှာ လူသားအဖြစ်တန်ဖိုးထားမခံရဘဲ အလွယ်တကူပင် သတ်ဖြတ်ခံခဲ့ရသည်။ ကမ္ဘာစစ်ကြီးများကို အကြောင်းပြုသင်ခန်းစာယူ၍ လူ့အခွင့် အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သော်လည်း အရှေ့အုပ်စုနှင့် အနောက်အုပ်စုတို့၏ စစ်အေးတိုက်ပွဲအရှိန် မြင့်လာသည့်ကာလ ၁၉၇၀ ပြည့်လွန်နှစ်များသို့ ရောက်မှသာ အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုသည့် အကြောင်းပြချက်ဖြင့် လူ့အခွင့်အရေးဟူ‌သော အသံများကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် ARSA အကြမ်းဖက်အဖွဲ့က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သော်လည်း နောက်ကွယ်တွင် ဓနအင်အား၊ မီဒီယာအင်အားတို့ဖြင့် နိုင်ငံအချို့က ပူးပေါင်းပါဝင်ကာလူ့အခွင့်အရေးချိုးဖောက်မှု ဇာတ်လမ်းတစ်ပုဒ်ကို လုပ်ကြံဖန်တီးခဲ့ကြခြင်းသာဖြစ်သည်။ ယခုအခါ တစ်ဖက်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ARSA ၏ လုပ်ကြံသတ်ဖြတ်မှုနှင့် မူးယစ်ဆေးဝါးမှု၊ ရာဇဝတ်မှုအပုပ်နံ့များ တထောင်းထောင်းထနေသည့်တိုင် အီးယူနှင့် အိုအိုင်စီတို့က ခြယ်လှယ်နေသည့် ကုလသမဂ္ဂဇာတ်ခုံကမူ နှာခေါင်းပိတ်၍ မြန်မာနိုင်ငံနှင့်ပတ်သက်သော မဲပြာပုဆိုးဇာတ်လမ်းကို အဖန်တလဲလဲ ကနေဆဲဟုသာဆိုရမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment