Monday, November 21, 2022

သင်္ဂဟတရား လေးပါးနှင့်အညီ



သူတစ်ပါးအား ချီးမြှောက်ခြင်းကို “ သင်္ဂဟ” တရားဟုခေါ်ပါသည်။ သင်္ဂဟတရားတွင် ဒါန၊ပေယျဝဇ္ဇ၊ အတ္ထစရိယာနှင့် သမာနတ္တတာဟူ၍ လေးပါးရှိသည်။ ဤသင်္ဂဟတရားလေးပါး ထွန်းကားမှသာ လောကကြီးသည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသောတရားများဖြစ်သည်။

သင်္ဂဟတရားလေးပါး၏ အနက်အဓိပ္ပာယ်မှာ ဒါန-ဝတ္ထုပစ္စည်းပေးအပ်၍ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ ပေယျဝဇ္ဇ-လူအများနှင့်ဆက်ဆံ ပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ် အသုံးအနှုန်းဖြင့် ပြောဆိုဆက်ဆံခြင်းဖြစ်သည်။ အတ္ထစရိယာ-သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ သမာနတ္တတာ-ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းဖြင့်ချီးမြှင့် ခြင်းဖြစ်သည်။ ဤသင်္ဂဟတရားများသည် မင်္ဂလာတရားတော်လာ ကောင်းသောအမှုပြုလုပ်မှုဖြစ်သည်။ မင်္ဂလာတရားတော်ပါ ကတညုတာစ-သူပြုဖူးသောကျေးဇူးကို အသိအမှတ်ပြုရုံသာမက ကျေးဇူးကိုသိ၍ ပြန်လည်ပေးဆပ်ခြင်းဖြင့်လည်း ချီးမြှောက်ခြင်းတို့သည် လောကမင်္ဂလာတရားများဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချီးမြှင့်ထိုက်သူကိုချီးမြှင့်ခြင်း၊ ကျေးဇူးရှိသူကိုကျေးဇူးပြုခြင်း၊ ခွင့်လွှတ်သင့်သူတို့အား ခွင့်လွှတ်ခြင်းစသည့်မင်္ဂလာအမှုတို့အား ဖြည့်ဆည်းပေးနေသည်ကို တွေ့ရပေသည်။ နိုင်ငံတော်ကိုအုပ်ချုပ်သော အစိုးရအဆက်ဆက်တို့၏ အစဉ်အလာအတိုင်း နိုင်ငံတော်၏အရေးပါသည့် နေ့ကြီးရက်ကြီးများဖြစ်သော လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့တို့တွင် နိုင်ငံတော်အကျိုးကို စွမ်းစွမ်းတမံထမ်းရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်ပေးအပ်ခဲ့သည်။ ယခုအခါ ယခင်ခေတ်ကာလများနှင့်မတူ ထူးခြားသည်မှာ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်လေ့ရှိသည့် လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့များတွင်သာမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါပြီး မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့တွင် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်နိုင်ခဲ့ပေသည်။

ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ၊ သံတမန်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာကြိုးပမ်းကြသည့်ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် အဆင့်မီအောင်မြင်စွာ ဖန်တီးစွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားစွာတတ်မြောက်ခဲ့သည့် ပုဂ္ဂိုလ်များအား ချီးမြှောက်ရမည်ဟူသည့် ဘွဲ့ထူး၊ ဂုဏ်ထူးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အထူးသဖြင့် သင်္ဂဟတရား၏ အနှစ်သာရကို ဖော်ဆောင်ခဲ့သည်မှာမတူကွဲပြားသူများကိုလည်း ပစ်ပယ်မထားဘဲ အလေးထားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့တွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်ရာ၌ ယခင်အစိုးရလက်ထက်က ဘွဲ့တံဆိပ်ရရှိရန် အရည်အချင်းနှင့်ကိုက်ညီပြီး ကျန်ရစ်နေသည့်ပုဂ္ဂိုလ်များအား စိစစ်ရွေးချယ်ပေးခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူပုဂ္ဂိုလ်များအား ချီးမြှင့်ရာ၌ ခွဲခြားဆက်ဆံခြင်းမရှိဘဲ မွန်မြတ် သောစိတ်ထားဖြင့် ဆောင်ရွက်ခဲ့သည်ကို တွေ့ရပေသည်။ မည်သည့်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ မည်သည့်ပါတီဝင်ဖြစ်ခဲ့သည်ဖြစ်စေ၊ မည်သူ၏ လူပုဂ္ဂိုလ်ဖြစ်ခဲ့သည်ဖြစ်စေ ပုဂ္ဂလခံယူချက်မပါဘဲ တိုင်းပြည်အကျိုးကိုရှေးရှုခဲ့ပေသည်။

မတူကွဲပြားသော်လည်း ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံသည်မှာ သင်္ဂဟတရားနှင့်ညီပါပေသည်။ မည်သည့်ဘက်တွင် မည်သို့ရပ်တည်သည်ဖြစ်စေ တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက် မည်မျှထမ်းရွက်ခဲ့သည်ကိုသာ ဦးစားပေးသည့်မူဝါဒမှာ မွန်မြတ်ပေသည်။ နိုင်ငံတော်အစိုးရက မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်နေသော်လည်း မုဒိတာမပွားနိုင်ဘဲ ဝေဖန်ပြောကြားနေကြသူများလည်းရှိပေသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များ၊ ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူများ၊ အသိအမှတ်ပြုသင့်ပြုထိုက်သူများအား သင်္ဂဟတရားနှင့်အညီ ကောင်းမြတ်သောအစဉ်အလာတစ်ရပ်အဖြစ် ဆောင်ကြဉ်းပေးနေခြင်းဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment