Monday, November 21, 2022

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးဦးတည်ကြိုးပမ်း

 


နေပြည်တော် နိုဝင်ဘာ ၂၀

ချောင်းသာဒေသသို့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက် မှုသည် နှစ်သိန်းငါးသောင်းရှစ်ထောင်ကျော်ရှိခဲ့ပြီး ယခင်နှစ် လားတူကာလတွင် ခြောက်သောင်း ခြောက်ထောင်ကျော်သာဝင်ရောက်ခဲ့ပါကြောင်း၊ ထို့အတူ ငွေဆောင်ဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် နှစ်သိန်းတစ်သောင်းခန့်ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် လေးသောင်းတစ်ထောင့်ငါးရာခန့်သာ ဝင်ရောက်ခဲ့သည့်အတွက် ယခုနှစ်၏ တိုးတက်လာမှုကိုသိမြင်နိုင်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့်အတူ ချောင်းသာကမ်းခြေဒေသရှိ AZURA ဟိုတယ်တွင် ငွေဆောင်နှင့်ချောင်းသာ ကမ်းခြေဒေသတို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ခရီးသွား လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်လုပ်ငန်းများအနေဖြင့် တိုးတက်လာမည့် ခရီးသွား ဧည့်သည်များအတွက် ဝန်ဆောင်မှုအရည်အသွေးကောင်းမွန်ရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသွားများ ပိုမိုရောက်ရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့်သာမက ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရေးအတွက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို အစိုးရချင်းသာမက ပုဂ္ဂလိကကဏ္ဍပါ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ၏ ဓလေ့စရိုက်နှင့်နှစ်သက်မှုကို ပိုမိုသိရှိနားလည်ရန် သုတေသနပြုမှုများကိုလည်း ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိနှင့်ပြီးသော ခရီးသွားဆွဲဆောင်ရာနေရာများကို ပိုမိုတိုးချဲ့အဆင့်မြှင့်တင်သွားရန်လိုအပ်ပါကြောင်း၊ အလားတူ ကမ်းခြေဒေသများနှင့် အခြားဒေသများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး သက်ဆိုင် ရာဌာနများ၊ လုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော ဟိုတယ်များအား HSP- နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်ကြသည်။ ထို့နောက် ချောင်းသာကမ်းခြေဒေသမှ လုပ်ငန်းရှင် တစ်ဦးနှင့် ငွေဆောင်ဒေသမှ လုပ်ငန်းရှင်တစ်ဦးတို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကူညီဆောင်ရွက်ပေးစေ လိုသည့်ကိစ္စရပ်များကို တင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်၌ကျင်းပသည့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်းဆောင်ရွက်ထားရှိသော ဟိုတယ်များကို HSP- နိုင်ငံအဆင့်အသိအမှတ်ပြု တံဆိပ်များကိုပေးအပ်ကာ ဒေသခံလုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုကိုတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment