Friday, November 4, 2022

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

 


နေပြည်တော် နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ကြောင်းနှင့် အဆိုပါချိပ်ပိတ်ခဲ့သည့် နေအိမ်သည် ခရစ်ယာန် မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် နေရာတစ်ခုဖြစ်သည်ဟု အချို့သတင်းဌာနများတွင် ဖော်ပြနေသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်း ဖြေကြားထားသည် -

ကျွန်တော်တို့မနေ့က ည ၈ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စလုံးရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၅/ ၁၂၆လမ်းကြားမှာရှိတဲ့ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သတင်းအရ ချိပ်ပိတ်စစ်ဆေးခဲ့ရတာရှိပါတယ်။ တချို့မီဒီယာတွေမှာ၊ တချို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြနေတာတွေ့ရတယ်။ အဲဒါ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းဖြစ်တယ်ဆိုပြီးတော့ ဖော်ပြနေတာဖြစ်ပါတယ်။ အဲဒီသတင်းကတော့ အမှားပါ။ မဟုတ်ပါဘူး။ နေအိမ်ပဲဖြစ်ပါတယ်။ နေအိမ်ပိုင်ရှင်ရှိတယ်။ အဲဒီနေအိမ်ပိုင်ရှင်ကနေပြီး အခုအိမ်ငှားထားထားတာရှိတယ်။ ဦးခင်မောင်အေး၊ ဒေါ်မေရီတို့က ဒီအိမ်ကိုငှားထားတယ်ဆိုတာ သိရပါတယ်။ အိမ်ကိုချိပ်ပိတ်ရတဲ့ အကြောင်းရင်းကတော့ မနှစ်က ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက် ပတ်ဝန်းကျင်လောက်မှာ ကျွန်တော်တို့လည်း သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ သပိတ်ကျင်းဘက်မှာ မန္တလေးက PDF အဖွဲ့ ဝေယံလင်း(ခေါ်) ထွန်းတောက်နိုင်ရဲ့အဖွဲ့ကို ကျွန်တော်တို့ မိခဲ့တယ်။ လက်နက်တွေအမြောက်အမြားနဲ့ ကားပေါ်မှာမိခဲ့တာရှိတယ်။ သူ့ရဲ့ပြောချက်အရ သူတို့နဲ့ မန္တလေး တိုင်းဒေသကြီးထဲမှာရှိတဲ့ အကြမ်းဖက် PDF အဖွဲ့နဲ့ တချို့သော KIA အဖွဲ့ပူးပေါင်းပြီးတော့ မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်သင်တန်းတွေပေးဖို့၊ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းတွေ ပေးဖို့အတွက် သူတို့ အိမ်လေးလုံးငှားခဲ့တယ်။ ဒီအိမ်လေးလုံးကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ အခုကျွန်တော်တို့ချိပ်ပိတ်လိုက်တဲ့အိမ်က အဲဒီအိမ်လေး လုံးထဲမှာပါတဲ့ အိမ်တစ်အိမ် ဖြစ်တယ်။ အဲဒီမှာတော့ အခြေပြုနေထိုင်တဲ့ဟာမျိုးတော့ မတွေ့ခဲ့ရဘူး။

အခုနောက်ပိုင်းမှာ ဒီအိမ်မှာအိမ်ငှားတွေနေပြီး ကျွန်တော်တို့ အခုချိပ်ပိတ်စစ်ဆေးတဲ့အခါမှာ ကလေး ၁၀ ယောက်တွေ့ရတယ်။ သူတို့အိမ်ငှားတွေကို မေးမြန်းချက်ထဲမှာ ဒါဟာမိဘမဲ့ကလေးတွေ လို့ သူတို့ကပြောတယ်။ ကျွန်တော်တို့စစ်ဆေးနေဆဲပဲ ရှိသေးတယ်။ ဒီမသင်္ကာဖွယ်သတင်းရလို့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ အဲဒီလိုတွေ့ရတယ်။ အဲဒီမှာ မိဘမဲ့ကလေးဂေဟာဖွင့်တယ်တို့၊ မိဘမဲ့ကလေးကျောင်းဖွင့်တယ်တို့ဆိုတဲ့ တရားဝင်မှတ်ပုံတင်ထားတာမျိုးမရှိဘူး။ သူတို့အစီအစဉ်နဲ့ သူတို့လုပ်နေတဲ့ပုံစံမျိုးကို တွေ့ရတယ်။ ပြီးရင်တချို့သော လူမှုကွန်ရက်စာမျက်နှာတွေမှာ အဲဒီအိမ်မှာ ဆေးကုပေးနေတယ်တို့ ဘာတို့လည်း ကျွန်တော်တို့ သတင်းကြားရတာမျိုးရှိတယ်။ ပြည်သူလူထုကို ဆေးကုပေးနေတယ်ဆိုတဲ့ အမည်ခံမျိုးလည်း ကျွန်တော်တို့ တွေ့ထားတာ ဖြစ်တယ်။ သို့သော် ပြည်သူလူထုကို ဆေးကုပေးနေတဲ့ပုံစံမျိုးလည်း မရှိပါဘူး။ သို့သော် အကြမ်းဖက်အဖွဲ့တွေကို အဆက်အသွယ်တွေနဲ့ ဆေးကုပေးနေတဲ့ပုံစံမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါတွေကိုတော့ ကျွန်တော်တို့စစ်ဆေးဆဲပဲဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ စုံစမ်းစစ်ဆေးမှုတွေ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်လျက်ပဲ ရှိသေးတယ်။ ဒီထွန်းတောက်နိုင်တို့အဖွဲ့နဲ့ ဆက်စပ်ပြီးတော့ လုပ်ခဲ့တဲ့အိမ်လည်းဖြစ်နေတယ်။ နောက်ထပ်မသင်္ကာစရာလည်းရှိတဲ့အတွက်ကြောင့် ဒါကြောင့်မို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သူတို့သတင်းလွှင့်နေတဲ့ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းတို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။

ဒါသည် ချိပ်ပိတ်လိုက်တဲ့အခါမှ လူမှုရေးအရရယ်၊ ဘာသာရေးအရရယ် နည်းနည်းလေး သတင်းပွလာအောင် လုပ်ဆောင်နေတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ကျွန်တော်တော့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကလေးတွေနဲ့ပတ်သက်ပြီး မိဘမဲ့ကလေးတွေ ဟုတ်၊ မဟုတ်။ ဟုတ်ခဲ့ရင်လည်း ကျွန်တော်တို့က တရားဝင်မိဘမဲ့ဂေဟာကိုပို့နိုင်ဖို့ တရားဝင်အစိုးရက ဖွင့်လှစ်ထားတဲ့ လူမှုကူညီကယ်ဆယ်ရေး၊ စတဲ့ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာကျွန်တော်တို့ ပြည်သူလူထုကို ပြောချင်တာကတော့ ဒီ PDF အကြမ်းဖက်အဖွဲ့ကို အထောက်အပံ့ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ တစ်ခုခု အရေးယူတာတို့၊ သတင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်တာမျိုးရှိရင် ပြည်သူလူထုကို အထင်မှားအမြင်မှားအောင် လူမှုရေးအရ၊ ဘာသာရေးအရ အထင်မှား အမြင်မှားအောင် သူတို့ဘက်က ကာဗာယူပြီး ဆောင်ရွက်နေတာမျိုးကို တွေ့ရတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။

သတင်းစဉ်

No comments:

Post a Comment