Friday, November 4, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဘားအံမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၏ လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

 


ဘားအံ နိုဝင်ဘာ ၃

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ကရင်ပြည်နယ် ဘားအံမြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်မည့်သင်တန်းများအတွက် သင်တန်းနေရာနှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြင်ဆင်ထားမှု၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်ပို့ချနေမှု၊ စာတွေ့ လက်တွေ့ပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါသင်တန်းသားများအား တွေ့ဆုံ၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများကို ကြိုးစားသင်ယူကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် ဘားအံမြို့ရှိ အလုပ်သမားဝန်ကြီးဌာန အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနများမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံရာ ပြည်နယ်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာ ကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီးဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီး နိုင်ငံတော်အတွက်လည်း ကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံရန်လိုအပ်ကြောင်း၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း။

တာဝန်ခံဝန်ထမ်းများအနေဖြင့် မိမိတို့၏ရုံးများ စနစ်တကျရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်တတ်သည့် အလေ့အကျင့်များရရှိအောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment