Wednesday, November 23, 2022

ဒစ်ဂျစ်တယ်နည်းပညာ ပလက်ဖောင်းအသုံးပြု၍ သတင်းအချက်အလက်များမျှဝေခြင်းဖြင့် ကပ်ရောဂါတုံ့ပြန်ရေးအစီအစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်မည်

 

နေပြည်တော် နိုဝင်ဘာ ၂၂

ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှကြီးမှူး၍ ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ် ပြည်သူ့ကျန်းမာရေးကွန်ဖရင့်(The 2nd ASEAN DIGITAL PUBLICHEALTH CONFERENCE) ကို ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းနိုင်ငံ Empire ဟိုတယ်၌ Hybrid method ဖြင့်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ဘရူနိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီး(၂) Mr. Pehin Dato Abdul Rahmanက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr.Lim Jock Hoi က အဖွင့်မိန့်ခွန်းပြောကြားကြသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးများဆွေးနွေးပွဲကိုကျင်းပခဲ့ရာ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ကျန်းမာရေး ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများပါဝင်သော Build-ing a Resilient ASEAN ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း အာဆီယံ နိုင်ငံများ၏ နိုင်ငံအလိုက်အောင်မြင်မှု၊ တွေ့ကြုံရသည့်အခက်အခဲများ၊ အနာဂတ် ဦးစားပေးအစီအစဉ်များနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ကပ်ရောဂါများနှင့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်များကိုတုံ့ပြန်နိုင်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးမှတ်တမ်း (Covid-19 Vaccina-tion Certificate) အားVMIS စနစ်ဖြင့်အာဆီယံ Digital Portal တွင်ထည့်သွင်းခဲ့ပြီး အာဆီယံနိုင်ငံများအားလုံးမှ မြန်မာနိုင်ငံ၏ကာကွယ်ဆေးထိုးမှတ်တမ်းအား စိစစ်နိုင်ခဲ့မှုအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးအချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူ့ကျန်းမာရေးအရေးပေါ်တုံ့ပြန်မှုအစီအစဉ်တွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ပလက်ဖောင်းအသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များမျှဝေခြင်းဖြင့် ကပ်ရောဂါတုံ့ပြန်ရေးအစီအစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါကွန်ဖရင့်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိကျင်းပရာ အာဆီယံနိုင်ငံများမှ ဘာသာရပ် ဆိုင်ရာပညာရှင်များက ဒစ်ဂျစ်တယ်ပြည်သူ့ကျန်းမာရေးကိစ္စရပ်များကို အစီအစဉ်အလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment