Friday, November 4, 2022

အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ လေ့လာရေးခရီးစဉ် သွားရောက်

 


နေပြည်တော် နိုဝင်ဘာ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ အ.ထ.က(၇)နေပြည်တော်၊ အ.ထ.က(၉)နေပြည်တော်၊ အ.ထ.က(၁၀)နေပြည်တော် ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှတ်တမ်း (မော်ကွန်းသစ်) ဗီဒီယိုပြသခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသား လူငယ်များအား အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်း ကစားခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားခဲ့မှုများကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

သတင်းစဉ်

No comments:

Post a Comment