Friday, November 4, 2022

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အကောင်းဆုံး ဂိုးသမားဆုရ မောင်သူရဇော် (တနင်္သာရီတိုင်းဒေသကြီးအသင်း)ကို လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အကောင်းဆုံး နောက်တန်းကစားသမားဆုရ မောင်မင်းထက်ဇော် (ကချင်ပြည်နယ်အသင်း)နှင့် အကောင်းဆုံး အလယ်တန်း ကစားသမားဆုရ မောင်အောင်ခန့်ဖြိုး (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက အကောင်းဆုံး ရှေ့တန်းကစားသမားဆုရ မောင်ဝင်းပြည့်မောင် (မကွေးတိုင်းဒေသကြီးအသင်း)ကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဖြိုးသန့်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ မောင်ဆက်ပိုင်ထွန်း (မကွေးတိုင်းဒေသကြီးအသင်း)ကိုလည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က စတုတ္ထဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆုကိုလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းက တတိယရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် အမျိုးသား တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာဘောလုံး အားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၁၃ သင်းမှ အားကစားသမား စုစုပေါင်း ၂၉၇ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment