Tuesday, November 22, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက(က) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက်မှုအခြေအနေ၊ (ခ) အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုခြင်း၊ စိစစ်ခြင်း၊ မဲရုံနှင့်မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ခြင်းများ ဆောင်ရွက်မှု အခြေအနေ၊ (ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကို ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲ စိစစ်မှုများ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ်(၁)နှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများ စစ်ဆေးခြင်း၊ မဲလက်မှတ်များ စစ်ဆေးခြင်းနှင့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများအပါအဝင် သက်ဆိုင်သူအားလုံးကို တွေ့ဆုံမေးမြန်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း။

ထိုသို့ ဆောင်ရွက်စိစစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်း ၃၈ ဒသမ ၂ သန်းကျော် အနက် မဲမသမာမှုပြုနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၁၁ ဒသမ ၃ သန်းကျော်၊ မဲဆန္ဒရှင် စုစုပေါင်း ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကို စစ်ဆေးတွေ့ရှိကြောင်း၊ ထို့အတူ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်များကို စစ်ဆေးရာတွင်လည်း လျော့နည်းပျောက်ဆုံးသည့် မဲလက်မှတ် အရေအတွက် ၁ ဒသမ ၄ သန်းကျော် နှင့် အပိုတွေ့ရသည့် မဲလက်မှတ် ၄ ဒသမ ၃ သိန်းကျော်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလားတူ ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးအပေါ် စိစစ်မေးမြန်း စစ်ဆေးမှုများပြုရာတွင် တွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှု များနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက် ကျူးလွန်ခဲ့ကြသူများကို ဖော်ထုတ်ရရှိခဲ့သည်များကို (Power Point) ဖြင့် ရှင်းလင်းပြော ကြားသည်။      

ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများ

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် အလားတူ မှားယွင်းမှု၊ အားနည်းပျက်ကွက်မှုများနှင့် ဥပဒေချိုးဖောက်မှုများ မဖြစ်စေရန်အတွက် အခြေခံကျသည့် ဥပဒေမူဘောင်ပိုင်းဆိုင်ရာ စိစစ်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းနေရာတွင် အရေးကြီးပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် ပါရှိသည့် မဲစာရင်း ပြုစုခြင်းနှင့် မဲစာရင်းစိစစ်ခြင်းအပိုင်း၊ ကြိုတင်မဲပေး ခြင်း၊ မဲရုံတွင် မဲပေးခြင်း၊မဲရေတွက်ခြင်းနှင့် မဲရလဒ် ထုတ်ပြန်ခြင်းအပိုင်းကို ပိုမိုကောင်းမွန် ပြည့်စုံစေရန် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ အငြင်းပွားဖွယ်နှင့် ဒေသခံများလက်မခံ ကန့်ကွက်နေသည့် ယခင်ရက် ပေါင်း ၁၈၀၊ ယခုပြင်ဆင်သည့်အခါ ရက်ပေါင်း ၉၀ နေထိုင်သူများကို မဲစာရင်းတွင်ထည့်သွင်းပြီး မဲပေး ခွင့်ပြုခြင်းကို ပယ်ဖျက်ခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ သတိပြု ဆောင်ရွက်ရန် လိုအပ်သည့် “ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း” အခန်းကို အသစ်ဖြည့်စွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို သင့်လျော်မျှတအောင် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲစနစ်ကိုလည်း တိုင်းရင်းသားလူနည်းစု များအတွက် အခွင့်အရေးပိုမိုရရှိစေပြီး မျှတသည့် ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR စနစ်)ကို ကျင့်သုံးအသုံးပြု ဆောင်ရွက်နိုင်ရေး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း သဘောတူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကိုလည်း ရွေးကောက်ပွဲဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုစိစစ်ခြင်း

ဆက်လက်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုစိစစ်ခြင်းကို မဲရုံနှင့် မဲရုံသုံးပစ္စည်းများ လျာထား တွက်ချက်ခြင်းများ ဆောင်ရွက်မှုအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုခြင်းကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မဲစာရင်းပြုစုရာ၌ အခြေခံရမည့် စာရင်းများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ ကို ရယူပြုစုထားသည့်စာရင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ ကျေးရွာအလိုက် ကောက်ယူထား သည့် မြေပြင်လူဦးရေစာရင်းတို့ကို ဦးစွာတိုက်ဆိုင် စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုက်ဆိုင်စစ်ဆေးပြီးဖြစ်သည့် အခြေခံလူဦးရေ စာရင်းများကို ရယူပြီး ကနဦးမဲဆန္ဒရှင်စာရင်းစိစစ်ခြင်းစနစ် (IVLS) အသုံးပြုစိစစ်ခြင်းနှင့် တွေ့ရှိချက် များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက မြေပြင် စိစစ်အတည်ပြု၍ ပြန်လည်ပေးပို့သည့် စာရင်းများကို ရယူပြီး လစဉ် Update ပြုလုပ်ခြင်းတို့ဖြင့် မှန်ကန် ပြည့်စုံသည့် အခြေခံမဲဆန္ဒရှင်စာရင်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း။

ထို့အတူ အထက်ပါစိစစ်ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများကို အခြေခံပြီး မဲရုံအရေအတွက်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ လိုအပ်မည့်် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံသုံးပစ္စည်းများတွက်ချက်စာရင်းပြုစုခြင်းများကို ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ခံအရာရှိများက ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။

 မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး

တိုင်းဒေသကြီး/ ပြည်နယ်များတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းပြီး လစဉ် Update ပြုလုပ်ရေးနှင့် မဲရုံနှင့် မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ခြင်း ညှိနှိုင်းအစည်းအဝေးကို ၅- ၁၀- ၂၀၂၂ ရက်တွင် ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲအရာရှိများ တက်ရောက်၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မြို့နယ် ရှစ်မြို့နယ်၏ မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်ရေး လစဉ်စိစစ်ခြင်းလုပ်ငန်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ၇- ၁၀- ၂၀၂၂ ရက်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆောင်ရွက်ရမည့်လုပ်ငန်း လိုအပ်ချက်များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ်တွင် ဆောင်ရွက်မှုများအပေါ်အခြေခံပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

ဆက်လက်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုရေးဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း၊ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း။

အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကဲ့သို့ အမှားများ မဖြစ်စေရေး အဓိကထား ဆောင်ရွက်နိုင်ရန် အစည်း အဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မဲစာရင်းများ မှန်ကန်စေရေး ပထမအဆင့်အနေဖြင့် နိုင် - ၄နှင့် ပတ်သက်သည့် စာရင်းဇယားများကို အတိအကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွန်ပျူတာစနစ်ဖြင့် စိစစ်ပြီးနောက် ပုံစံ ၆၆/၆ ကို Software နည်းပညာဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် မြေပြင်တွင် စိစစ်၍ စာရင်းကောက်ယူခြင်းဖြင့် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုနိုင်မည်ဖြစ်ကြောင်းနှင့် မြေပြင်စာရင်း ကောက်ယူသည့်အခါ မသန်စွမ်းအမျိုးအစား လေးမျိုးစာရင်းကို သေချာစွာ ရေးသားဖော်ပြရန် လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အစည်းအဝေးတက်ရောက်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်း ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Association of World Election Bodies (A-WEB) ၏ ဖိတ်ကြားချက်အရ တောင်အာဖရိက နိုင်ငံ ကိပ်တောင်းမြို့၌ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အထွေထွေညီလာခံကို တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျော်၊ တောင်အာဖရိက နိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် A-WEB မှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ ညီလာခံတွင် ယခင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ မှ ဥက္ကဋ္ဌသစ် တာဝန်ယူဆောင်ရွက်မည့် တောင်အာဖရိက နိုင်ငံရွေးကောက်ပွဲကော်မရှင်သို့ A-WEB အဖွဲ့အစည်းအလံပေးအပ်ခြင်း၊ A-WEB ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်နိုင်ငံနှင့် Executive Board Member များ ရွေးချယ်ခြင်း၊ ခေါင်းစဉ် ငါးခုဖြင့် ဆွေးနွေးခြင်းအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီ စနစ်၏ ကောင်းမွန်သော အလေ့အကျင့်ကောင်းများ မြှင့်တင်ခြင်းနှင့်ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ အခန်းကဏ္ဍတိုးတက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားရှိသည့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ Union Betterment Party (UBP)သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်စွဲပါစာဖြင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် တင်ပြလာခဲ့ကြောင်း၊ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ၏ တင်ပြချက်နှင့် စပ်လျဉ်းပြီး အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းမှပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ပါတီကို ဖျက်သိမ်းလိုက်ခြင်းကို ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။      

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပပေးရမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ်များဖြစ်သည့် ဥပဒေမူဘောင်ဆိုင်ရာများကို ယခင်ရွေးကောက်ပွဲ အတွေ့အကြုံ၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲ စနစ်တို့နှင့်အညီ သုံးသပ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်သည် မကြာမီအတည်ပြုပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုဥပဒေကို အသစ် ပြင်ဆင်ရေးဆွဲရာတွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများနှင့် နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့သည့် အတွေ့အကြုံများကို အခြေခံပြီးဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံရေးပါတီ ၉၀ ကျော် ရှိသော်လည်း ယခင်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများအနက် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ်တစ်နေရာ အနိုင်ရရှိသည့် ပါတီပေါင်းသည် ပါတီ ၂၀ ဝန်းကျင်ခန့်ရှိပြီး ပါတီ အများစုသည် ကိုယ်စားလှယ်နေရာရရှိမှု မရှိဘဲ ထောက်ခံမဲ ပမာဏကိုကြည့်လျှင် ရာဂဏန်း၊ ထောင်ဂဏန်းသာရရှိသည်ကို တွေ့ရှိရကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း အရေအတွက်ကိုကြည့်လျှင် အနည်းဆုံးမဖြစ်မနေယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်ဦးရေ သုံးဦးသာ အိမ်ပြည့်အနေဖြင့် ယှဉ်ပြိုင်သည့်ပါတီများကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် ခိုင်မာအားကောင်းသည့် နိုင်ငံရေး ပါတီများဖြစ်ပေါ် လာရေးရည်ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း။              

နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ကျင်းပနိုင်ရေးနှင့် အများစုပါဝင်နိုင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အာမခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရှေ့လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆန္ဒရှင် ၁၀၀ ရာခိုင်နှုန်း ပါဝင်မဲပေးကြခြင်းမရှိသော်လည်း နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ကျင်းပနိုင်ရေးနှင့် အများစုပါဝင်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် ရွေးကောက်ပွဲများသည် အလွန်အရေးကြီးသည့်အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သော်လည်း နိုင်ငံခြားတိုင်းပြည် အချို့က အပြုသဘောမဆောင်ဘဲ ဝေဖန်မှုများ ပြုလုပ်နေခြင်းများသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ၎င်းတို့၏ သဘောထား မည်သို့ရှိသည်ကို ဝေဖန်လေ့လာဆန်းစစ်လျှင် တွေ့ရှိရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပသည့် အတွေ့အကြုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများ၏ အခြေအနေကိုလည်း သိရှိထားပြီးဖြစ်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဆောင်ရွက်နိုင်မည့်ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင် ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

သတင်းစဉ်


No comments:

Post a Comment