Tuesday, November 22, 2022

အနုပညာအပေါ် ရုန်းကန်ခဲ့ရတာတွေအတွက် အခုလိုဆုရတော့ ဝမ်းသာပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ ပတ်သက်ပြီးဘဝကို ရုန်းကန်ကြိုးပမ်းခဲ့တဲ့သူတွေကို အသိအမှတ်ပြုပေးတာကို ကျေးဇူးတင်ပါတယ်

 

ဦးအောင်လွင်၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ် များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင် နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံလ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ကြသော နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များနှင့် ပုဂ္ဂိုလ်များကို ထိုက်တန်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သည်။







ထို့သို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များ၏ ဝမ်းသာပီတိစကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

ဦးဇော်ဇော်နိုင် (သီရိပျံချီဘွဲ့)

ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

ကျွန်တော့်အနေနဲ့ ဒီဘွဲ့ရရှိတာကို အထူးဂုဏ်ယူမိသလို အထူးလည်း ဝမ်းသာပါတယ်။ ဘွဲ့ရရှိတဲ့အထဲမှာ ဟိန္ဒူဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဒါဟာ လူမှုရေး၊ ဘာသာရေးဘက်တွေမှာ ရွပ်ရွပ် ချွံချွံလုပ်နိုင်တဲ့လူတွေကို နိုင်ငံတော်ကနေ အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အားပေးချီးမြှောက်တာ ဖြစ်ပါတယ်။ ဒီအတွက် ရလဒ်က ဘာဖြစ်မလဲဆိုတော့ နောက်ထပ် လူတွေ ပိုကြိုးစားလာကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ ဘွဲ့တွေ ချီးမြှင့်တယ်၊ အသိအမှတ်ပြုတယ်။ ဒါကြောင့် ငါတို့လည်း ကောင်း ကောင်းမွန်မွန်လုပ်ရမယ်။ အဖွဲ့အစည်းအပေါ်မှာ မှီခိုတာမရှိဘဲနဲ့ အဖွဲ့အစည်းရော၊ ပါဝင်တဲ့သူတွေရော တတ်နိုင်တဲ့ဘက်ကနေ အုတ် တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် အလုပ်လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပိုပြီးအားရှိအောင် လုပ်ပေးလိုက်တဲ့သဘော၊ ပံ့ပိုးလိုက်တဲ့ သဘောပါ။ နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ပွဲတွေမှာ နိုင်ငံတော် အစိုးရက အများကြီးကူညီပေးခဲ့ပါတယ်။ ဒီနှစ်ဒီပါဝလီ ပွဲမှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့် ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်က လုပ်ပေးခဲ့တာ အများကြီးပါ။ ဒါကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဘွဲ့ရတဲ့အထဲမှာ ကျွန်တော့်ထက် အသက်ကြီးတဲ့သူ ပါပါတယ်။ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဟိန္ဒူအဖွဲ့ချုပ်က နာယက ဦးနန္ဒလည်း ဘွဲ့ရရှိတဲ့ အထဲပါပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို အထူးကျေးဇူးတင်ပါတယ်။ ဘာသာ၊ သာသနာနဲ့ အမျိုးသားရေးဆောင်ရွက်ရာမှာ ကျွန်တော်တို့နဲ့ပတ်သက်လို့ နိုင်ငံတော်မှာ အဆိုးဘာမှ မကြားစေ ရအောင်၊ အကောင်းပဲ ကြားရအောင် ဆောင်ရွက်သွားမယ်လို့ ကတိ လည်း ပေးပါတယ်။ နောင်နှစ်တွေမှာလည်း ဒီထက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးအောင်လွင်၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)

နာယက၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး ကျွန်တော်နဲ့ဦးညွန့်ဝင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ တစ်သက် တာထာဝရဆု ပေးခဲ့တာလည်း ကျွန်တော့်အတွက် အမှတ်တရ တစ်ခုပါပဲ။ ကျွန်တော်အသက် ၈၇ နှစ်ပြည့်ပြီးလို့ ၈၈ နှစ်ထဲ ရောက်ပါပြီ။ မည်သို့ပင်ဖြစ်စေကာမူ ဆရာဗိုလ်ကလေးတင့်အောင် ပြောခဲ့ သလိုပဲ ကျွန်တော်တို့က ဒါပဲလုပ်တတ်တော့ ရုပ်ရှင်၊ ဂီတ၊ စာပေ နယ်ပယ်မှာပဲ လုံးထွေးနေတဲ့ ဘဝတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ဆရာ ကြီးတွေဖြစ်တဲ့ ဆရာဦးဖိုးပါကြီး၊ ဒါရိုက်တာ မောင်တင်ယု၊ ဒါရိုက် တာ ရွှေဒုံးဘီအောင်၊ ဆရာကြီးဦးသုခ စသဖြင့် ဆရာကြီးတွေ လှမ်းသွားခဲ့တဲ့ လမ်းကြောင်းအပေါ် အနုပညာကို ပြည်သူအတွက် ဖြစ်အောင်၊ ကိုယ်ကျိုးအတွက်လည်းဖြစ်အောင် လုပ်ဆောင်ရပါတယ်။

အနုပညာဆိုတာ သူများခိုင်းလို့လုပ်တာ မဟုတ်ပါဘူး။ ကိုယ့် ဘာသာ ဝါသနာပါလို့ လုပ်ကြတာပါ။ ငယ်ငယ်တုန်းကတည်းက အသံတိတ် ဇာတ်ကားတွေ ကြည့်တယ်။ သူများတွေလို သရုပ်ဆောင် ပြီး ဒိုင်ဗင်ထိုးတယ်။ ဒီလိုနဲ့ ဝါသနာပါရင်းကနေ ကျွန်တော်တို့ ရုပ်ရှင်ရိုက်ခွင့်ရတဲ့အခါမှာ မြန်မာပြည်မှာရှိတဲ့ ရှုခင်းတွေကို တိုင်းပြည် ကလူတွေ ကြည့်ဖူးစေချင်တယ်။ ဥပမာပြောရရင် ရေခဲတောင်ရှိတာ မသိကြဘူး။ ရေခဲတောင်ရှိမှန်း သိစေချင်လို့ ကျွန်တော် “နေခြည်ဖြာ” ဇာတ်ကားကို ရိုက်ခဲ့ပါတယ်။ ရခိုင်ကကစ္စပ္ပနဒီကို မြင်ဖူးစေချင်လို့ “တိမ်လွှာမို့မို့လွင်”နဲ့ “မိုးကုပ်စက်ဝိုင်း” ဇာတ်ကားကို ရိုက်ခဲ့ပါတယ်။ မှောင်ခိုလောကကို အခြေခံပြီးတော့ မွန်ပြည်နယ်မှာ တစ်ချိန်က အဲဒီလို ဖြစ်ခဲ့တယ်ဆိုတာကိုသိအောင် “ပွေလီဝေလင်း” ဆိုတဲ့ ဇာတ်ကားကို ရိုက်ခဲ့ပါတယ်။ နောက်တစ်ခုက အင်းလေးမှာ အခုလို ရေတွေ မခန်းသေးဘူး။ ရေလျှောစီးတာတွေ ရိုက်တယ်။ ဒါကတောင်ပိုင်း ရှမ်းပြည်၊ မြောက်ပိုင်းရှမ်းပြည်ကျတော့ ဂုတ်ထိပ်တံတားအပေါ်မှာ ဦးဝင်းဦးနဲ့ထိုးတာကြိတ်တာ “ကျောက်မဲအကျဉ်းသား” ဇာတ်ကား ရိုက်တယ်။ ပြည်နယ်အသီးသီးကို ကျွန်တော်တို့ တိုင်းရင်း သားတွေအကုန် မြင်ဖူးစေချင်တဲ့သဘောနဲ့ ရိုက်ခဲ့ပါတယ်။

ကျွန်တော်တို့ အနုပညာအပေါ် ရူးသွပ်ခဲ့လို့ တစ်ခါတလေ စားဝတ်နေရေး ခက်ခဲတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရုန်းကန်ခဲ့ ရတာတွေအတွက် အခုလိုဆုရတော့ ဝမ်းသာပါတယ်။ ဆုရတဲ့အထဲမှာ ကျွန်တော်တို့တင် မကပါဘူး။ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်ပါတယ်။ ကျွန်တော့်ဆရာ ရွှေဒုံးဘီအောင်၊ ဦးသာထူးတို့ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေ ကွယ်လွန်သွားခဲ့ပါပြီ။ ဒေါ်အေးအေးသင်းတို့ လည်းပါတယ်။ အဲဒီသူတွေကို မေ့ပျောက်သွား ကြပေမယ့် မမေ့သွားအောင်ပြန်ပြီး ဖော်ပေးတဲ့အတွက် သူတို့မိသားစု ကိုယ်စား၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကိုယ်စား သက်ဆိုင်ရာကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ ပတ်သက်ပြီး ဘဝကို ရုန်းကန်ကြိုးပမ်းခဲ့တဲ့သူတွေကို အသိအမှတ် ပြုပေးတာကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ ဝမ်းသာ ပါတယ်ခင်ဗျာ။

ဦးအေးကြူလေး၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)

ဒုတိယဥက္ကဋ္ဌ(၁)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

ကျွန်တော်က ၁၉၉၅ ခုနှစ်လောက်ကတည်းက အမှုဆောင် ဖြစ်တာပါ။ ဖြစ်တဲ့အချိန်ကစပြီး လူမှုရေးတွေချည်း လုပ်ပါတယ်။ ဆန်၊ ဆီဝေတာ၊ နာရေးထောက်ပံ့တာ အဲဒီအလုပ်တွေပဲ တောက် လျှောက်လုပ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ထူးထူးခြားခြားကတော့ သမိုင်းပြုစုတဲ့ ကိစ္စပေါ်လာတယ်။ သမိုင်းပြုစုတော့ ကျွန်တော် တစ်ယောက်တည်း မရပါဘူး။

တစ်ကြောင်းဆိုရင် တော်တော်ရှာယူခဲ့ရပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ထုတ်သင့်တယ်ဆိုပြီး သမိုင်းစာအုပ်လုပ်ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းစဉ် (၁၉၂၀-၄၅) ငွေရတုခေတ်၊ (၁၉၄၆-၇၀) ရွှေရတု ခေတ်အစဉ်လိုက် လုပ်လိုက်တဲ့ အခါကျတော့ ၁၉၇၅ ခုနှစ် စိန်ရတုအထိ ပြီးသွားပြီ။

မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲတော်မှာပဲ မြန်မာ့ရုပ်ရှင် သမိုင်းစဉ် (၁၉၂၀-၄၅) စာအုပ်ထွက်တယ်။ နောက်တစ်ခါထပ်ပြီး ငွေရတုစာအုပ် က နောက်တစ်နှစ် ထွက်တယ်။ နှစ်နှစ်ထွက်ပြီးပြီ။ ပြုစုရမှာ စိန်ရတု သမိုင်းစာအုပ် ကျန်နေပါတယ်။ အဲဒါကတော့ လုပ်နေပါတယ်။ မထွက်သေးပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာ့ရုပ်ရှင် သမိုင်းဝင်များ ငွေရတု၊ ရွှေရတု၊ စိန်ရတုအထိ ထွက်ပြီးသွားပါပြီ။ အဲဒါတွေ ပြုစုခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကွယ်လွန်သွားတဲ့ ပညာသည်ကြီးတွေ ပါပါတယ်။ ဆုချီးမြှင့်တဲ့အထဲမှာ ကွယ်လွန်သွားတဲ့ ပညာသည်ကြီးတွေပါတဲ့အတွက် ဝမ်းသာရပါတယ်။ ကျွန်တော်တို့တွေ ရုပ်ရှင်အလုပ်လုပ်တယ် ဆိုတာ ရှေးကပညာ သည်တွေ ဖောက်တဲ့လမ်းကို လျှောက်ရတာဖြစ်ပါတယ်။ ကျေးဇူးရှင် တွေပါပဲ။ ဆုချီးမြှင့်တဲ့အတွက် ဝမ်းသာပါတယ်။ ကျန်တဲ့သူတွေ အများအပြားရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

ဒါရိုက်တာ မောင်နှင်းမိုး၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)

နာယက၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး

ကျွန်တော်က ၂၀၁၂ ခုနှစ်ကစပြီး ယနေ့အချိန်အထိ ရုပ်ရှင်အစည်း အရုံးမှာ ရုပ်ရှင်လောကသားတွေ အကျိုးအတွက် ဆောင်ရွက်ပေးနေ တဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ နာယက လုပ်နေရင်း တစ်ဖက်ကလည်း အကယ်ဒမီပွဲ ဥက္ကဋ္ဌ တာဝန်ကိုယူခဲ့ပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတော်အတွက်ဆိုရင် ရဲတပ်ဖွဲ့ နှစ်ပတ်လည်၊ တပ်မတော်ဂုဏ်ပြု၊ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီး ရေးရာစသဖြင့် အများကြီးရိုက်ပေးခဲ့ပါတယ်။ ရွှေတိဂုံစေတီတော် ထာဝရဘက်စုံ ပြုပြင်မွမ်းမံရေးဆိုရင် ရွှေထီးတော်ချကတည်းက၊ စောင်းတန်းတွေ ဖျက်တာတွေ၊ အသစ်ပြန်ဆောက်တာတွေ ဒါတွေကို မှတ်တမ်းတင်ပေးခဲ့ပါတယ်။ အဲဒီတုန်းက မြဝတီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှစ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ရွှေထီးတော်အထိတက်ပြီး ရိုက်ကူးပြီးတော့ မှတ်တမ်းတင်ပေးခဲ့ပါတယ်။ မြဝတီမှာဆိုရင် ၂၀၀၂ ခုနှစ်ကနေ စပြီးတော့ ၂၀၀၄ ခုနှစ်အထိကို ကျွန်တော်က ကျွမ်းကျင် ပညာရှင်အဖြစ်နဲ့ လုပ်ပေးခဲ့တာရှိပါတယ်။ အဲ့ဒါတွေကြောင့် အဲဒီ အချိန်က လူမှုထူးချွန် တတိယအဆင့် ရရှိခဲ့တာရှိပါတယ်။ အခုတစ်ခါ လူမှုထူးချွန် ပထမအဆင့်အဖြစ် ထပ်မံရရှိခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဒီလုပ်ရပ်တွေအပေါ်မှာ နိုင်ငံတော်က အသိအမှတ်ပြုပြီး ချီးမြှင့်တဲ့ အတွက် ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။

ဦးတင်ဌေး(ခ)ဒိန်းဒေါင်၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်)

ဟာသသရုပ်ဆောင်

ကျွန်တော် ဒိန်းဒေါင်ဆိုပြီး နာမည်မရခင် အချိန်ကတည်းက အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော် ဝါသနာပါတာကတော့ မိဘမဲ့ကလေးတွေကို ရှင်ပြုပေးတာပါ။ ပထမဦးဆုံးအကြိမ် ၁၀၄ ပါး ရှင်ပြုပေးခဲ့ပါတယ်။ အိမ်ငှားနဲ့နေပြီး အိမ်ဝယ်ရမယ့် ပိုက်ဆံအားလုံးကို လှူပစ်ခဲ့တာပါ။ ပြီးတော့ အပါး ၂၇၀၊ အပါး ၃၅၀ ရှင်ပြုပေးခဲ့တဲ့ အပြင် မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင် ဘုရားကြီးကို ဘုရားဒါယကာ အဖြစ်နဲ့တည်ခဲ့ပါတယ်။ နောက်ပြီး ရှေးဟောင်းဘုရားတွေ ထီးတင်တယ်။ လမ်းတွေ၊ သိမ်တွေလှူခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ် ကြီးတွေမှာ ကျွန်တော်တတ်စွမ်းတဲ့ အနုပညာနဲ့ အနုပညာသမား ဆိုတဲ့ ခံယူချက်အပြည့်နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ပွဲလမ်းသဘင်ဆိုရင် ဘယ်ကငှားငှား ကျွန်တော် ကပါတယ်။ အခုကတော့ ကျွန်တော် လှူမယ်။ ကိုယ်ကိုယ်တိုင် မရှိခဲ့တဲ့ဘဝက လာခဲ့တဲ့အတွက်မရှိတဲ့ သူတွေကို ကိုယ်ချင်းစာပါတယ်။ ဒီနေ့ဆိုရင် အလှူရှင်တွေနဲ့ သူတို့ တွေကို တွေ့ပေးပါတယ်။ လူတစ်ယောက်က သူများလိုချင်တာကို ဖြည့်ဆည်းပေးရင် ကိုယ်လိုချင်တာလည်း ပြည့်ဝတတ်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတော့ ဒီဟာက တာဝန်တစ်ခု ရလိုက်သလိုပါပဲ။ ဒီထက်ပိုပြီးတော့ ပရဟိတတွေလုပ်မယ်။ ပြီးတော့ ကျွန်တော်တတ်စွမ်းထားတဲ့အနုပညာနဲ့ တိုင်းပြည်နဲ့လူမျိုးကို အလုပ်အကျွေးပြုမယ်လို့ ခံယူထားပါတယ်။

 သတင်းအဖွဲ့

No comments:

Post a Comment