Tuesday, November 22, 2022

ပြည်ထောင်စုဝန်ကြီးဦးလှမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပဲခူးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး အတွင်း ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော တောင်သူများ နှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်း၊ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးသော တောင်သူများအတွက် လိုအပ်လျက်ရှိသော သွင်းအားစုများကို ၁ ရာခိုင်နှုန်း ဝန်ဆောင်မှု စရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေး ရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဩဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်နှုန်းအပါအဝင် မြေဩဇာ တန်ဖိုးနှင့် ညီမျှသောစပါးနှင့်ပဲတီစိမ်းများအား ပေါက်ဈေးနှင့် အညီ ပြန်လည်ရောင်းချပေးဆပ်ခြင်း၊ တောင်သူများ၏ လက်ဝယ်သို့သွင်းအားစုများ သတ်မှတ် ချိန်အတွင်း အချိန်မီ ရောက်ရှိအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ငွေများအား မပျောက်ပျက်၊ မဆုံးရှုံးအောင် စီမံဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက ဌာနများအနေဖြင့် အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီပြီး ဈေးနှုန်းသက်သာသည့် သွင်းအားစုများ စိုက်ပျိုးချိန်အမီ ရောက်ရှိစေရေး အစုအဖွဲ့များနှင့် ချိတ်ဆက်ကြီးကြပ် ဆောင်ရွက်ခြင်း၊ ထွက်ရှိလာသော စပါးနှင့်ပဲတီစိမ်းများ ဈေးကွက်ပေါက်ဈေး အတိုင်း ဝယ်ယူရောင်းချနိုင်ရေး စပါးနှင့်ပဲတီစိမ်း ဝယ်ယူမည့် အစုအဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုမရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များ စိစစ်ရွေးချယ်ခြင်း၊ စပါးနှင့်ပဲတီစိမ်း အမှန်တကယ် စိုက်ပျိုးသည့် တောင်သူများလက်ဝယ်သို့ လိုအပ်သောသွင်းအားစုများ ဖြန့်ဖြူးနိုင်ရေး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခြင်း၊ တောင်သူများထံမှ ချေးငွေပမာဏအပါအဝင် ဝန်ဆောင်မှုစရိတ် ၁ ရာခိုင်နှုန်းနှင့်ညီမျှသော သီးနှံများကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအား ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်နှုန်း အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုမရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေး သွားရမည်ဖြစ်သည်။

တောင်သူများအနေဖြင့် ချေးငွေပမာဏနှင့် ညီမျှသောပဲတီစိမ်းနှင့်စပါးထွက်ကုန် သီးနှံများကို ပြန်လည်ရောင်းချပေးဆပ်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်နှုန်း အပါအဝင် ချေးငွေပမာဏနှင့်ညီမျှသော ထွက်ကုန်သီးနှံများ ပြန်လည်ပေးသွင်းခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းဧက ၁၅၀,၀၀၀၊ နွေစပါးဧက ၂၀၀,၀၀၀ လျာထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် စီမံကိန်းအောင်မြင် ရေး၊ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများ ပြန်လည်ရရှိရေးဆောင်ရွက်မည့် အစီအမံများ၊ စီမံကိန်းအောင်မြင်ရေးအတွက် အစိုးရအဖွဲ့က တာဝန်ယူကြီးကြပ်ဆောင်ရွက်မည့် ကိစ္စများကို ပြန်လည်ဆွေးနွေးသည်။ ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများ၏ မေးမြန်းချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းတကော်မြို့သို့ ရောက်ရှိပြီး ပဲခူး၊ ကဝ၊ ဝေါ မြို့နယ်များရှိ ကျေးရွာများမှ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ သမဝါယမ အသင်းအမှုဆောင်များနှင့်တွေ့ဆုံပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment