Friday, November 4, 2022

ပြန်ကြားရေးဝန်ကြီးဌာန မိသားစုများ၏ တန်ဆောင်တိုင် ပျော်ပွဲ ရွှင်ပွဲနှင့် ဖျော်ဖြေပွဲကျင်းပ

 




နေပြည်တော် နိုဝင်ဘာ ၃

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် တန်ဆောင်တိုင်ကာလနှင့် တိုက်ဆိုင်ကာ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေမည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့၊ အငြိမ့်ပဒေသာတို့နှင့်အတူ နိုင်ငံကျော် တေးသံရှင်များ ပါဝင်သီဆိုတင်ဆက်သည့် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။ ဂီတဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံမှ တေးသံရှင်များက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်က “ငါသာစော်ဘွားဖြစ်ချင်တယ်’’၊ “မေတ္တာရေလှိုင်း အသည်းပြင်ရိုင်း”၊ “ရွှေသုန္ဒရီ”၊ “နှင်းပွင့်သစ္စာ”၊ “စနေထောင့်မှာ ပန်းလှူမယ်” စသည့် တေးသီချင်းများဖြင့်လည်းကောင်း၊ ခေါင်းဆောင်မင်းသမီး မြတ်ဆုချယ်၊ ရှေ့ထွက်မင်းသမီး မြတ်သဇင်သင်း၊ လူရွှင်တော် စောမင်းနောင်၊ ဇော်မင်းထွန်း၊ လင်းဇော်နိုင်၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့ ပါဝင်သည့် အဉ္ဇလီအငြိမ့်ဖျော်ဖြေခန်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင်လည်း နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment