Monday, November 21, 2022

လမ်းများကောင်းမွန်ရေး လုပ်ငန်းဆောင်ရွက်မှု ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 


ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်လျက်ရှိသည့် တွံတေးမြို့နယ် ကွင်းပေါက်ကျေးရွာမှ ခရမ်းဝကျေးရွာအထိ ကုန်ထုတ်လမ်းမ ကြီးအား ကွန်ကရစ်လမ်းခင်းကျင်း နေမှု၊ ကွင်းပေါက်-ခရမ်းဝ ကားလမ်းဘေးကွန်ကရစ်ဖျော်စက် တည်ဆောက်ထားရှိမှု၊ ဒလမြို့နယ် ဆိပ်ကြီးတံတားမှ မြဝတီမင်းကြီးလမ်းအထိ ဒလ-တွံတေးကားလမ်းမ လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ ဒလ-တွံတေးလမ်းနှင့် ဗိုလ်တေဇလမ်းထောင့်အနီး သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဘုရင့်နောင်ရပ်ကွက် ဆင်ဖြူရှင်လမ်း ကွန်ကရစ်ခင်းကျင်းနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြည့်ဆည်းဆောင်ရွက်

ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က လုပ်ငန်းခွင်အတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ /ယာ သန့်ရှင်းသာယာသပ်ရပ်ရေး၊ မြောင်းဖုံးပေါ်ရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားရေးနှင့် အမှိုက်ကန်များကို စနစ်တကျထားရှိရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ခရမ်းဝရွာမှ ကွင်းပေါက်ရွာအထိ အရှည် ၄ ဒသမ ၀၂၈ မိုင် မြေသားလမ်းကို အောက်ခံဒု ခြောက်လက်မအပေါ် ရှစ်လက်မဒုဖြင့် ကွန်ကရစ်ကုန်ထုတ်လမ်း ခင်းကျင်းနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်းခင်းကျင်းပြီးစီးပါက တွံတေးမြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေး၊ ဆန်၊ စပါးနှင့် ငါးမွေးမြူးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ခရမ်းဝ-ကွင်းပေါက် ကုန်ထုတ်လမ်းမ အနီးတွင် တည်ဆောက်ထားသည့် ကွန်ကရစ်ဖျော်စက်မှာ တစ်နာရီလျှင် ၁၆ ကုဗမီတာ ထုတ်လုပ်နိုင်ကြောင်း၊ ဒလမြို့နယ် ဒလ- တွံတေးကားလမ်းမပေါ်ရှိ ဆိပ်ကြီးတံတားနှင့် မြဝတီမင်းကြီးလမ်းအကြားတွင် လမ်းဘေးဝဲ/ယာ အရှည်ပေ ၄၁၀၀၊ အကျယ် တစ်ဖက် ၁၅ ပေ၊ ဒု ကိုးလက်မဖြင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေခြင်းဖြစ်ကြောင်းနှင့် ဘုရင့်နောင်ရပ်ကွက် ဆင်ဖြူရှင်လမ်းကို အရှည်ပေ ၁၉၀၀၊ အကျယ် ၂၄ ပေ၊ ဒု ကိုးလက်မ ကွန်ကရစ်ခင်းကျင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment