Monday, November 21, 2022

ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်ခြင်းကြောင့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို အလေးထားဂရုစိုက်ပြီး ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခု ဖန်တီးပေးရမည်

 


နေပြည်တော် နိုဝင်ဘာ ၂၀

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

လူမှုဝန်ထမ်း၊ အဆိုပါအခမ်းအနားသို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ INGOs/NGOs များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး UNCRC ပါ ကလေး သူငယ်အခွင့်အရေးများကို Focal Ministry အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်းကလေးသူငယ်များ၊ အရွယ်မတိုင်မီ အလုပ်လုပ်နေရသောကလေးများ၊ ရွှေ့ပြောင်းကလေးများ၊ လူကုန်ကူးခံရသော ကလေးများ၊ ရင်ခွင်မဲ့ကလေးများ၊ လမ်းပေါ်နေကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသောကလေးများ စသည့် ကလေးသူငယ်အမျိုးအစားအားလုံး အကျုံးဝင်စေရေးအတွက် စီမံချက်များချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များအပေါ်ကျူးလွန်ခံရသည့် အခွင့်အရေးချိုးဖောက်မှုများ၊ သက်ငယ်မုဒိမ်းမှု၊ ကျား/မ အခြေပြုအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ကာယကံရှင် ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူပြည်သူများကလည်းကောင်း ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော Help Line နံပါတ် ၁၅၆၆ သို့ ယုံကြည်စွာ တိုင်ကြားနိုင်ပြီး တိုင်ကြားသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကိုအထူးအလေးထားလက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “Inclusion, For Every Child” “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့”ဖြစ်ပြီး အားလုံးပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်ခြင်းကြောင့် အခြေခံကျသည့် အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့်(Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်(Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation)စသည့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို အလေးထားဂရုစိုက်ပြီး ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခုဖန်တီးပေးရမည်ဖြစ်ကြောင်းနှင့် ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ် အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်သည့် ဗီဒီယိုကိုပြသပြီး နေပြည်တော် ကလေးပြုစုရေးဌာနနှင့် နေပြည်တော် မူလတန်းကြိုကျောင်းများရှိကလေးငယ်များကတေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြကြကာ ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များကို ဆုများချီးမြှင့်ခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် မြှင့်တင်ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့်ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၂၀ ရက်ကို World Children's Day အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်မှာ(၃၃)နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment