Monday, November 21, 2022

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၀

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၈၀၆၂၀)ကိုလည်းကောင်း၊ မြဝတီ- ဘားအံ-ရန်ကုန်သွား ကားလမ်းအမှတ်(၁)လမ်းမကြီးနှင့် အမှတ်(၂)လမ်းဆုံ မင်းလွင်ကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက်ပိုမိုပါရှိလာသော လုပ်ငန်းသုံးစက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်နှစ်တွဲနှင့် Tractor Head နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၇၈၀၆၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၏တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေဆိပ်ကုန်လှောင်ရုံ၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲတင်သွင်းလာသည့်ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၆၀၀၀၀)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် စတီးပစ္စည်းများ(ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြိတ်-ထားဝယ် ကားလမ်းပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် အလှကုန်ပစ္စည်း မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၃၇၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈၂၃၇၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ကြွေပြားချပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၉၄၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Hino Profia အမျိုးအစားမော်တော်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၁၄၉၉၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့နယ် တကောင်းရပ်ကွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် အေးခဲအမဲသား ပိဿာ ၆၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် နိုဝင်ဘာ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၃ ဒသမ ၉၅၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၃၂၀၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၇၆၆၀၇၂၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment