Wednesday, November 23, 2022

ပါတီစုံဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါကဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုပါရှိပြီး အဆိုပါရှေ့လုပ်ငန်းစဉ်အကောင်အထည်ပေါ်အောင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်ပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စနစ်တကျပြန်လည်ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းအတော်များများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ်များဖြစ်သည့် ဥပဒေမူဘောင်ဆိုင်ရာများကို ယခင်ရွေးကောက်ပွဲအတွေ့အကြုံ၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်တို့နှင့်အညီ သုံးသပ်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို မကြာမီပြဋ္ဌာန်းနိုင်တော့မည်ဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာရေးရည်ရွယ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေသစ်ကို ပြဋ္ဌာန်းဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အာမခံထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လမ်းညွှန်ပေးထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးကို အလေးထားဆောင်ရွက်နေသည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာ၌ ပဓာနကျသည့် ရှေးဦး လုပ်ငန်းစဉ်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရာ၌ ရွေးကောက်ပွဲမှပေါ်ထွက်လာသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ကြသည်။ နိုင်ငံ၏အရေးအရာကိစ္စအားလုံးကို လွှတ်တော်များတွင် အတည်ပြုဆုံးဖြတ်ခြင်းဖြင့် ပြည်သူများအား ကိုယ်စားပြုမှု၊ ပြည်သူအကျိုးဆောင်ရွက်နိုင်မှုကို အလေးအနက်ထားသည်။ ထို့ကြောင့် ရွေးကောက်ပွဲအောင်မြင်စေရန်အတွက် ကြုံတွေ့ရမည့်၊ ကြုံတွေ့နိုင်မည့်စိန်ခေါ်မှုများကိုလည်း ကျော်လွှားနိုင်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ယခုကျင်းပမည့်ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နေသော်လည်း ပြည်ပမှအပြုသဘော မဆောင်မှုများရှိနေသည်။

ရွေးကောက်ပွဲကို ပြည်သူအားလုံး၏ ဆန္ဒပါဝင်စေရန်အတွက် နိုင်ငံတစ်ဝန်းလွှမ်းခြုံဆောင်ရွက်ရာ၌ နယ်မြေဒေသအခြေအနေများနှင့် ကိုယ်ပိုင်ဆန္ဒအရ လိုအပ်ချက်များရှိမည်။ သို့သော် အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ရာ အဓိကကျသည့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ်အခြေခံ၍ ဆွေးနွေးနေသည်။ ဆွေးနွေးမှုရလဒ်များကို လွှတ်တော်တွင်ဆက်လက်အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်သည်။

လွှတ်တော်တွင်ဆွေးနွေးရာ၌ သက်ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရန်လိုအပ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန်လိုအပ်သည်။ သို့မှသာ လွှတ်တော်များတွင် တိုင်းရင်းသားများအရေး၊ ဒေသများအရေးကို အပြည့်အဝဆွေးနွေးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားအားလုံးနှင့် မတူကွဲပြားသော အဖွဲ့အစည်းများအားလုံးပါဝင်နိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် ပီအာစနစ်ကိုကျင့်သုံးလျက်ရှိသည်။ ယခုအခါ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထိုက်သင့်သလောက် တိုးတက်မှုများရရှိနေပြီဖြစ်၍ တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခြင်းများဆောင်ရွက်နေပြီး မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို အထောက်အကူပြုကာ တိုင်းရင်းသားဒေသများ၌ ရွေးကောက်ပွဲများကျင်းပနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ပါအတိုင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို တိုင်းရင်းသားပြည်သူများနှင့်လက်တွဲ၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။   

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment