စာသည်စကားကိုသင်္ကေတပြု၍ အက္ခရာတင်ကာရေးမှတ်သည့် စနစ်တစ်ခုဖြစ်ပြီး စာပေဟူသည်ကမူ စာကိုရသမြောက်အောင်၊ အနုပညာသဘောပါအောင်ရေးဖွဲ့ခြင်းဖြစ်သည်ဟူ၍ ယေဘုယျသဘောဖွင့်ဆိုနိုင်သည်။ စာပေသည်ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်ဒြပ်မြင့်မားမှုကို ထိုနိုင်ငံ၏ အမျိုးသားစာပေအဆင့်အတန်းအားဖြင့်လည်း ချိန်ထိုးသတ်မှတ်သည့်အလျောက် စာပေမြင့်မှ လူမျိုးတင့်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။
မြန်မာစာပေသည် အစောပိုင်းကာလတွင် လောကီရေးနှင့်ကင်းကာ
လောကုတ္တရာရေးဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာစာပေဖြစ်ပေါ်လာပုံနှင့်စပ်လျဉ်း၍ ပညာရှင်ကြီးတစ်ဦးဖြစ်သော
ဆရာဇော်ဂျီက “မြန်မာစာဆိုတို့သည် မြန်မာပြည်တွင် မိမိတို့၏လမ်းကြောင်းကို အရာထင်အောင်ပြုနေကြဆဲတွင်
လမ်းမကြီးတစ်ခုသဖွယ်ဖြစ်သော ဗုဒ္ဓစာပေကိုရလာ၍ မိမိတို့ ၏လမ်းကြောင်းကို ထိုစာဖြင့်
ချက်ချင်းဆောက်လုပ်ခဲ့သည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာစာပေတွင် မြန်မာစာဆိုတို့၏
ကိုယ်ပိုင်သက်သက်ဖြစ်သောလမ်းကြောင်းရာသည် မထင်ရှားခဲ့။ ဗုဒ္ဓစာပေဖြင့် ဆောက်လုပ်သောလမ်းရာအဖြစ်ဖြင့်သာ
ထင်ရှားခဲ့သည်ဟု ဆိုနိုင်ပါသည်။” ဟူ၍ ဂန္ထလောက မဂ္ဂဇင်း (၁၉၃၄) “မြန်မာစာပေလမ်းခင်းလာပုံ”
အမည်ရှိ ဆောင်းပါးတွင် ဖော်ပြခဲ့သည်။
ပုဂံခေတ်နောက်ပိုင်းတွင် မြန်မာစာပေသည်
စကားပြေအရေးအသားပုံစံထက် သုတိသာယာစွာ ရွတ်ဖတ်သီဆိုရသည့် ပျို့ကဗျာများကို ပို၍အားသန်လာကြသကဲ့သို့
အကြောင်း အရာအားဖြင့်လည်း တောတောင်ရေမြေသဘာဝလောကကြီးအကြောင်း၊ စစ်ရေးစစ်ရာ၊ အလွမ်းအဆွေးနှင့်
မေတ္တာရေးရာ၊ နန်းမှုရေးရာ စသည်တို့ကို အရေးအဖွဲ့ပုံစံအမျိုးမျိုး ဖြင့်ရေးသားခဲ့ခြင်းဖြင့်
မြန်မာစာပေဘဏ္ဍာတိုက်မှာပိုမို၍ ပြည့်ဖြိုးကြွယ်ဝလာသည်။ တခမ်းတနားကြီးမားတင့်တယ်လာခြင်းနှင့်အတူ
ဂန္ထဝင်မြောက်သည့် စာပေများဖြစ်ထွန်း ပေါ်ပေါက်လာခဲ့ရာ နှောင်းခေတ်အဆက်ဆက်စံတင်ကြရသည်။
နည်းယူမှီငြမ်းကြရသည်။ ကိုလိုနီခေတ်တွင်မူ မြန်မာစာသည် နေရာပေးမခံရသည့်အလျောက် နောက်တန်းသို့
ရောက်သွားရသည်။ မြန်မာစာပေတွင် ဂန္ထဝင်မြောက်သည့်စာဟူ၍ လောက်လောက်လားလား ပြစရာမရှိဟူ၍ပင်
နှိမ့်ချခံရသည်။ မြန်မာစာကို တက္ကသိုလ်တွင် သင်ကြားနိုင်ရေးအတွက် ကိုလိုနီလက်အောက်ခံမြန်မာတို့
အားထုတ်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြရသည်။ မြန်မာစာကို မြန်မာလူမျိုးတို့ ချစ်မြတ်နိုးဖို့ရန်လည်း
ဆော်ဩခဲ့ကြရသည်။
နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော
မြန်မာစာပေသမိုင်းတစ်လျှောက်ကို ပြန်လည်ကြည့်ပါက သည်ခေတ်တွင် သည်စာဟူ၍ ပြစရာဂန္ထဝင်စာပေများကို
ခေတ်အဆက်ဆက်မှ စာဆိုတို့က ချန်ထားရစ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ခေတ်အလိုက် တာဝန်ကျေစွာဖြင့်
မြန်မာစာပေဘဏ္ဍာတိုက်ကို ဖြည့်တင်းခဲ့ကြသည်။ မျက်မှောက်ကာလတွင် စာပေတာဝန် ကျေပွန်သူတို့အတွက်
စာပေဆုအမျိုးမျိုး ဂုဏ်ပြုချီးမြှင့်လျက်ရှိသကဲ့သို့ အမျိုးသားအဆင့်တွင် အမျိုးသားစာပေတစ်သက်တာ
ဆုနှင့်တကွ ဘာသာရပ်အလိုက်အမျိုးသားစာပေဆုများ ချီးမြှင့်လျက်ရှိရာ နိုင်ငံနှင့်လူမျိုး
တည်ရှိနေသရွေ့ရှိနေဦးမည့် မြန်မာစာပေအဆင့်အတန်းမြင့်သည်ထက်မြင့်အောင် ကြိုးပမ်းစွမ်းဆောင်ကာ
မိမိတို့ခေတ်စာပေတာဝန်ကို ကျေပွန်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment