လယ်ယာစိုက်ပျိုးရေးကဏ္ဍ သီးနှံအထွက်တိုးတက်ရေးအတွက် လိုအပ်သည့် သွင်းအားစုများတွင် မြေဩဇာကို လုံလုံလောက်လောက် ရရှိအသုံးပြုနိုင်ရေးက လွန်စွာအရေးပါသည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးသည့် သီးနှံအမယ်စုံအနက် စပါးသီးနှံက မြေဩဇာသုံးစွဲမှုပမာဏ အများဆုံးဖြစ်သည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်းဧက ငါးသိန်းနှင့် နွေစပါးဧက ရှစ်သိန်းခွဲတို့ စိုက်ပျိုးသွားမည်ဖြစ်ရာ အရေးကြီးသော သွင်းအားစုဖြစ်သည့် မြေဩဇာရရှိရန်လည်း လိုအပ်လာသည်။
“ဓာတ်မြေဩဇာများနှင့် စက်သုံးဆီများ လုံလောက်စွာရရှိရေးအတွက်
နိုင်ငံတော်အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင်
မြေဩဇာသည် အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ပြည်တွင်း၌ မြေဩဇာများ
ထုတ်လုပ်နိုင်ရေးနှင့် ဇီဝမြေဩဇာများ ရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊
မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူ၍လည်း ဇီဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်
လိုကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သော်လည်း
ပြည်တွင်းသုံးစွဲရန် လိုအပ်သည့် ဓာတ်မြေဩဇာပမာဏကို ပြည်တွင်း၌ လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိသည့်အတွက်
ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်။ ထို့အပြင် ဒေသတွင်း နိုင်ငံအချို့နှင့် နှိုင်းယှဉ်ချက်အရ
မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာဈေးနှုန်းမှာ ကြီးမြင့်နေပြီး ယင်း၏ အကျိုးဆက်အနေဖြင့်
သီးနှံအတွက်လိုအပ်သည့် ပမာဏကို အချိုးကျ ထည့်သွင်းနိုင်ခြင်းမရှိကြောင်း၊
စပါးတစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိရန် ယူရီးယား၊ တီစူပါ၊
ကွန်ပေါင်း/ ပိုတက်ရှ် ဓာတ်မြေဩဇာ သုံးအိတ်နှုန်း သုံးစွဲရန်လိုအပ်ကြောင်းနှင့် သီးနှံအထွက်တိုးရေးနှင့်
ရေ၊ မြေ အရည်အသွေး ထိန်းသိမ်းရေးအတွက် သဘာဝမြေဩဇာ ဇီဝမြေဩဇာများ
ထုတ်လုပ်သုံးစွဲရန်လိုအပ်ကြောင်း လေ့လာချက်များတွင် ဖော်ပြထားသည်။
စင်စစ်အားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှာ
အပြန်အလှန် မှီခိုဆက်စပ်နေပြီး စနစ်တကျ၊ တွင်တွင်ကျယ်ကျယ်
ဆောင်ရွက်နိုင်သည်နှင့်အမျှ ပိုမို၍ အကျိုးဖြစ်ထွန်းနိုင်သည့်
လုပ်ငန်းများဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကောက်ရိုး၊ နှမ်းရိုး၊
စပါးခွံ၊ ပဲခွံ၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူးအူတိုင်၊ ပြောင်းဖူးဖတ် စသည့် ဘေးထွက်ပစ္စည်းများ၊
မွေးမြူရေးလုပ်ငန်းများမှ ထွက်လာသည့် နွားချေး၊ ကျွဲချေး စသည့် တိရစ္ဆာန်စွန့်ပစ္စည်းများ
စသည်တို့မှာ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ ပြုလုပ်နိုင်သည့် အခြေခံပစ္စည်းများပင်ဖြစ်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တစ်ဦးတည်းဖြစ်စေ၊
အကျိုးတူပူးပေါင်း၍ဖြစ်စေ၊ သမဝါယမစနစ်ဖြင့်ဖြစ်စေ ပေါင်းစပ်လုပ်ကိုင်ကြခြင်းအားဖြင့်
ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
No comments:
Post a Comment