စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံပြအဖြစ် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားထားသည်။ ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အကျိုးတူလယ်ယာကန်ထရိုက်စနစ် (Contract Farming) ကို အကောင်အထည်ဖော်လျက်ရှိရာ အဆိုပါအကျိုးတူ လယ်ယာကန်ထရိုက်စနစ်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံပြဖြစ်အောင် အကောင်အထည်ဖော်ရာ၌ ထိရောက်ဖြစ်ထွန်းလာမည့် စီမံကိန်းဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်ပြီး
နိုင်ငံသားအများစုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ရှေးအစဉ်အဆက် အသက်မွေးဝမ်းကျောင်း
ပြုလာကြသည်။ စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်စီးပွားတိုးတက်အောင် ဆောင်ရွက်ကြရာ၌
တောင်သူများ၊ ဆက်စပ်စီးပွားလုပ်ကိုင်သူများနှင့် နိုင်ငံတော်အတွက် ပုံမှန်အကျိုးစီးပွားဖြစ်ထွန်းခဲ့သည်။
လယ်ယာစီးပွားကို တောင်သူများ၏ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်မှု အတိုင်းအတာအလိုက်
စိုက်ပျိုးထုတ်လုပ်ခဲ့ကြရာ အကျိုးစီးပွားအနည်းအများရှိခဲ့သည်။ လယ်ယာစီးပွားကို ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းလယ်ယာစနစ်ဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို လေ့လာတွေ့ရှိခဲ့ကြသည်။
မြန်မာနိုင်ငံတွင် မြေသယံဇာတ၊ ရေသယံဇာတ၊ လူသားအရင်းအမြစ်များ
ပေါများကြွယ်ဝသဖြင့် လယ်ယာစိုက်ပျိူးရေးလုပ်ငန်းကို ခေတ်မီနည်းစနစ်တကျ
အကောင်အထည်ဖော်နိုင်လျှင် စိုက်ပျိုးရေးကိုအခြေခံပြီး ကြွယ်ဝချမ်းသာသော
နိုင်ငံဖြစ်လာနိုင်သည်။ လူသားအရင်းအမြစ်ဆိုရာ၌ အရည်အချင်းပြည့်ဝသော
လူသားအရင်းအမြစ်များရှိမှသာ အရည်အသွေးပြည့်ဝသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်
အရည်အချင်းမြင့်မားသော လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိသဖြင့် ပေါ်ထွက်လာသော
လူသားအရင်းအမြစ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာ ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူများတွင်
အသက် (၂၄)နှစ်အထက် အလုပ်လုပ်နိုင်သော လူဦးရေသည် သန်း ၃၀ ခန့်ရှိသဖြင့်
လူတစ်ဦးလျှင် တစ်ဧက လုပ်ကိုင်ဆောင်ရွက်နိုင်သည့်
သဘောရှိသည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍
အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပြီး ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေး
ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သမျှတွင် လူသားအရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ထုတ်လုပ်ငန်းများနှင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့်သွင်းအားစုများကို
အခက်အခဲကြားမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် စိုက်ပျိုးရေ၊ နည်းပညာ၊
ရောင်းဝယ်ဖောက်ကားမှုများပါ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို
ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အကျိုးတူ လယ်ယာစနစ်ကို စတင်အကောင်အထည်ဖော်
ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်က လမ်းညွှန်ထားသည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့်
နွေစပါးဧက ၈ ဒသမ ၅ သိန်း၊ ဆောင်းပဲတီစိမ်းဧက ငါးသိန်း စိုက်ပျိုးထုတ်လုပ်ရေးအတွက်
သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါစနစ်သည်
တောင်သူများလက်ဝယ်သို့ လိုအပ်သည့်သွင်းအားစုများ တိုက်ရိုက်ရောက်ရှိပြီး
ထွက်ကုန်များအတွက် ဈေးကွက်နှင့်ဝင်ငွေ ခိုင်မာစွာ ရရှိစေမည့်
အကျိုးတူလယ်ယာစနစ်ဖြစ်သည်။
အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းအတွက်
အသုံးပြုမည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို လက်တွေ့အကောင်အထည်ဖော်ပြီး
အကျိုးရှိထိရောက်စွာ သုံးစွဲသွားရန်လိုအပ်သည်။ လယ်ယာကဏ္ဍတွင် သွင်းအားစုများကို
အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ခြင်းဖြင့် သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်း
တိုးတက်လာပြီး ဒေသခံ ပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ထွန်းလာကာ
ဝင်ငွေတိုးတက်လာမည်ဖြစ်သည်။ အကျိုးတူလယ်ယာစနစ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို
ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နိုင်သဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သော
စီမံကိန်းများကို စံပြစီမံကိန်းအဖြစ် ပေါ်ထွက်လာအောင် လက်တွေ့လုပ်ကိုင်ပြရမည်
ဖြစ်သည်။
သို့ဖြစ်ရာ အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့်
လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ပြီး
တောင်သူလယ်သမားများ၊ ဒေသခံပြည်သူများ၏ လူမှုစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားများ
တိုးတက်ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment