Thursday, November 3, 2022

ဝေဘာဂီအထူးကုဆေးရုံကြီး အဆင့်မီဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်




ရန်ကုန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံကြီး ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အလှူရှင် AW Foundation မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ဆေးကုသဆောင်သစ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့်အလှူရှင် AW Foundation မှ ဥက္ကဋ္ဌ ဦးသောင်းကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖွင့်ပွဲအထိမ်းအမှတ် ကြေးပြားကမ္ပည်းမော်ကွန်းကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကုသဆောင်သစ် ကြေးပြားကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး အဆောက်အဦသစ်အတွင်း မြေညီထပ်ရှိ သီးသန့်ကူးစက်လူနာခန်းများ(Isolation Room)ကိုလည်းကောင်း၊ အောက်ဆီဂျင်စက်ရုံ(Oxygen Plant)800 KVA Transformer ၊ မီးစက်(Standby Genset)၊ ရေသန့်စင်စက် (Water Treatment System)တို့ကိုလည်းကောင်း၊ ကုသဆောင်သစ်ပထမထပ်ရှိ အထူးကြပ်မတ်ကုသခန်းများ၊ ဒုတိယထပ်ရှိ အောက်ဆီဂျင်ပေး၍ ကြီးကြပ်ကုသနိုင်သည့် လူနာခန်းများနှင့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်များကို လည်းကောင်း လှည့်လည်ကြည့်ရှုကြပါသည်။

၎င်းနောက် ဖွင့်ပွဲအခမ်းအနားမဏ္ဍပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို နိုင်ငံတကာ အဆင့်မီဆေးကုသဆောင်သစ်အား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဖွင့်လှစ်အသုံးပြုနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍအတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ကျေးလက်မြို့ပြသာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေး၊ ပြည်သူများ နိုင်ငံတကာအဆင့်မီ ဆေးဝါးကုသမှုများ ရရှိနိုင်ရေးတို့အတွက် ဦးဆောင်လမ်းညွှန်မှု၊ ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားရေးကိုလည်း ဦးတည်ချက်ထားပြီး ပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်းများအတွင်း မြန်မာနိုင်ငံသားများ၏ အသက်ပေါင်းများစွာ အန္တရာယ်ကင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အဓိကအရေးကြီးသည့် ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးလုပ်ငန်းများကို ရည်မှန်းထားသည့် လူဦးရေလွှမ်းခြုံမှုရရှိနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လိုအပ်သည့် အောက်ဆီဂျင် လုံလောက်စွာရရှိရန် နိုင်ငံအဝန်း ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများ ဖွင့်လှစ်ပေးခြင်း၊ ကုသရေးအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အပူပိုင်းဒေသတွင်း ကျရောက်လျက်ရှိသဖြင့် ကမ္ဘာ့ကပ်ရောဂါများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေများသည့်အတွက်ကြောင့် လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကုသဆောင်သစ်၌ ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်သည့် အထူးလေဖိအားစနစ် တပ်ဆင်ထားသည့်အခန်းများ၊ လူနာများကို (၂၄)နာရီ စောင့်ကြပ်ကြည့်ရှုနိုင်သည့် စနစ်များပါဝင်သော နိုင်ငံတကာ အဆင့်မီကုသခန်းများ၊ ဓာတ်ခွဲခန်းများ ပါဝင်ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးကိုလည်း Infectious Disease Institute အဖြစ် ကုသရေးအပြင် သုတေသနနှင့် သင်ကြားရေးလုပ်ငန်းများပါ ဆောင်ရွက်နိုင်မည့် Center အဖြစ် တိုးမြှင့် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်မည့်အပြင် ရောဂါကူးစက်မှုအခြေအနေများကို လေ့လာ၍ သုတေသနပြု ဆောင်ရွက်ရန် များစွာ အထောက်အကူ ရနိုင်မည်ဖြစ်ပါကြောင်း

နိုင်ငံတော်အကြီးအကဲက နေရောင်ခြည်စွမ်းအင်သုံး (Solar)စနစ်မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ အကျိုးရှိစွာ အသုံးချရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး(Solar) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစနစ်ကို ထည့်သွင်းတပ်ဆင်ထားပါသဖြင့် စွမ်းအင်ချွေတာသုံးစွဲရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်နိုင်မည့် ရှေ့‌ပြေးဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများတွင်လည်း အသုံးပြုနိုင်ရေးအတွက် စီမံချက်များရေးဆွဲပြီး စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ပြည်သူလူထုမှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာ၌ စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရန်နှင့် ကုသမှုအရည်အသွေး မြင့်မားလာစေရေး အထောက်အကူဖြစ်စေရန် ခေတ်မီဆေးရုံ အဆောက်အဦများ၊ ခေတ်မီဆေးရုံသုံး စက်ပစ္စည်းကိရိယာများကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ AW Foundation က ဆောက်လုပ်လှူဒါန်းသည့် ဝေဘာဂီ အထူးကုဆေးရုံကြီး၏ ကုသဆောင်သစ်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး တွေ့ရှိမှုများကြောင့် ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာခြင်းမရှိအောင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြား လိုပါကြောင်း

ပညာရေးနှင့်ကျန်းမာရေးသည် နိုင်ငံတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေနှင့်လည်း ကျန်းမာရေးကဏ္ဍကို ပံ့ပိုးအားဖြည့်ကာ တိုးတက်စေရန် ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း

နိဂုံးချုပ်အနေဖြင့် ကုသဆောင်သစ် အဆောက်အဦဖွင့်ပွဲ အခမ်းအနားမှသည် ပြည်သူများ အားထားယုံကြည်ရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်ပြီး နိုင်ငံတော်က ဖန်တီးဖော်ဆောင်ပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးရလဒ်ကောင်းများကို အကျိုးရှိရှိ အသုံးပြုကာ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြံ့ခိုင်၍ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်သည်ထက် တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားခဲ့ပါသည်။

ဝေဘာဂီအထူးကုဆေးရုံကြီး၏ ကုသဆောင်သစ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ဆောက်၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးခဲ့ပြီး ငွေကျပ်(၆,၂၁၇,၇၁၉,၀၀၀) အကုန်အကျခံကာ AW Foundation မှ တစ်ဦးတည်း အလှူရှင်အဖြစ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

၎င်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းဝေးရေးတို့ကို အောင်မြင်မှုရရှိစေရန် ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်၌ ဗဟိုအဆင့်ဆေးရုံကြီးများ၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးများ၊ အထူးကုဆေးရုံများ၊ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့် အခြေအနေများ၊ ရောဂါပိုးများ၏ မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် ကူးစက်မြန် ရောဂါများအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝေဘာဂီ အထူးကုဆေးရုံကြီးသည် ခုတင် (၂၀၀)ဆံ့ ကူးစက်ရောဂါကု ဆေးရုံဖြစ်ပါသဖြင့် HIV လူနာ၊ တီဘီရောဂါလူနာများနှင့် ကူးစက်မြန်ရောဂါများဖြစ်သည့် SARS ရောဂါ၊ H1N1 ရောဂါ၊ Ebola သံသယလူနာများနှင့် ကိုဗစ်-၁၉ ရောဂါလူနာများကို ကုသမှုပေးခဲ့သော အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်း ကုသရေးလုပ်ငန်းအနေဖြင့် ပိုမိုဆောင်ရွက်မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပညာရှင်ဘွဲ့ ချီးမြှင့်ငွေများ၊ ထောက်ပံ့ငွေများ ပေးအပ်မှုအခြေအနေများတို့ကို ရှင်းလင်းတင်ပြပြီးနောက် ကူးစက်မြန်ရောဂါများ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးကြီးသော အဆင့်မီအဆောက်အဦကို တစ်ဦးတည်း အလှူရှင်အဖြစ် တာဝန်ယူဆောက်လုပ်လှူဒါန်းသော AW Foundation မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများကို ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် AW Foundation ဥက္ကဋ္ဌ ဦးသောင်းကြိုင်က Foundation ဖြစ်ပေါ်လာပုံနှင့် အဆောက်အဦသစ် ဆောက်လုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ AW Foundation ဥက္ကဋ္ဌက အဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ မှတ်တမ်းများအား ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးထံသို့ လွှဲပြောင်းပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်က AW Foundation သို့ အမှတ်တရပန်းခြင်း လက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီးတို့က ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအားပေးအပ်၍ အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို (၁၀:၂၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၇)ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် စီမံဆောင်ရွက်စေရေးတို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။ ၎င်းနောက် မကြာမီ ဖွင့်လှစ်တော့မည့် ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး၊ တိုးချဲ့(၅)ထပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

No comments:

Post a Comment