Monday, November 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

 


ထို့ပြင် NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီးထံသို့ မြန်မာနိုင်ငံဘက်မှအမြဲတစေသတင်းပေးပို့ခြင်း၊ ထောက်ပြပြောဆို၍ ကန့်ကွက်ပေးရန်နှင့်ရှုတ်ချပေးရန် ပြောဆိုခဲ့ပါကြောင်း၊ သို့သော် လျစ်လျူရှုမှုများရှိခဲ့ပါကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG, CRPH, PDF အဖွဲ့အစည်းများသည် အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏လူမဆန်သည့် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေကျေ ပျက်စီးခဲ့ရသည်ကို ကမ္ဘာကသိရှိစေရန် အာဆီယံအစည်းအဝေးများတွင်လည်းကောင်း၊ ရန်ကုန်မြို့ တွင်ရှိသည့် အာဆီယံသံရုံးများထံသို့လည်းကောင်း၊ ပြည်ပရှိမြန်မာသံရုံး/အဖွဲ့ရုံး ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ လည်းကောင်း သတင်းအချက်အလက်အမှန်များနှင့် မှတ်တမ်းများအားပေးပို့လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ NUG, CRPH, PDF အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် တောင်းဆိုမှုများ၊ ဆက်သွယ်မှုများသည် အာဆီယံပဋိညာဉ်စာတမ်းပါ စာပိုဒ်(၂)နှင့် ဆန့်ကျင်နေသည့်အတွက် မြန်မာနိုင်ငံက ပြတ်သားစွာကန့်ကွက်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုသည် အကြမ်းဖက်လုပ်ရပ်များကို အားပေးရာရောက်သဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို လိုလားသည့်မည်သူမဆို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန် တိုက်တွန်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံနိုင်ငံများအနေဖြင့် တိုးတက်မှုများကို လျစ်လျူရှု

ထို့ပြင် အစိုးရအနေဖြင့် EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံနေသည်ကို လျစ်လျူရှုပြီး ၎င်းတို့ဖြစ်စေလိုသည့် တွေ့ဆုံမှုများအတွက် တစ်ဖက်သတ်တောင်းဆိုနေမှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်သည့် EAOs များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုများဆောင်ရွက်လျက်ရှိရာတွင် တိုးတက်မှုများရှိနေသည်ကိုလည်း အာဆီယံနိုင်ငံများအနေဖြင့် လျစ်လျူရှုထားကြောင်း၊ တစ်စုံတစ်ယောက်သော လူပုဂ္ဂိုလ်၊ တစ်ဖွဲ့သော ပါတီနှင့်သာ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေးရေးတစိုက်မတ်မတ်တောင်းဆိုနေသည့် နိုင်ငံများလည်းရှိကြောင်း၊ ယင်းတောင်းဆိုချက်များ မရရှိခြင်းကို အခြေခံပြီး တူညီဆန္ဒအကောင် အထည်ဖော်ခြင်း တိုးတက်မှုမရှိဟုဆိုပြီး မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခြင်းသည် အပြုသဘော မဆောင်ကြောင်းကိုလည်း ထပ်မံအသိပေးလိုကြောင်း၊ အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ တက်ရောက်ရမည်ဟု ပြောကြားထားသည့် အတွက် တန်းတူညီတူ ဆက်ဆံခြင်းမဟုတ်သည့်၊ ခွဲခြားဆက်ဆံသည့်လုပ်ရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ထိုအစည်းအဝေးပွဲများတွင် မြန်မာ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက် နှင့် ဆုံးဖြတ်ချက်များတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဖော်ပြချက်များသည် ဖြစ်စဉ်အမှန်တရားနှင့်ကင်းကွာလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အပြုသဘောဆောင်ဖော်ပြခဲ့ခြင်းလည်းမရှိကြောင်း၊ ပဋိညာဉ်နှင့်လည်း မကိုက်ညီခြင်းကြောင့် ထိုကိစ္စများကို မိမိတို့အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြတ်သားစွာပယ်ချခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို အစဉ်အမြဲ တည်ဆောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးအခြေခံမူများနှင့် အာဆီယံ၏ လက်ရှိအခြေခံမူများသည် သဟဇာတဖြစ်ပါကြောင်း၊ သို့သော် ထိုအခြေခံမူများမှ သွေဖည်သွားအောင် အာဆီယံမှတချို့နိုင်ငံများက လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါကြောင်း၊ အာဆီယံမယိမ်းယိုင်ရေး၊ မပြိုကွဲရေးနှင့် စည်းလုံးညီညွတ်စွာ ထာဝရတည်ရှိရေးစသည်တို့သည် မိမိတို့နိုင်ငံမှ မြင်လိုသည့် အာဆီယံ၏အနာဂတ်ဖြစ်ပါကြောင်း၊ အာဆီယံသည် မည်သည့်နိုင်ငံကြီးများ၏ အသုံးချခံ အဖွဲ့တစ်ဖွဲ့အဖြစ်ကိုမျှ ရောက်မသွားရေးသည် ဒေသ တွင်း နိုင်ငံ့ခေါင်းဆောင်များအတွက် ဆင်ခြင်စရာဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းမှာလည်းတာဝန် ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကျင့်သုံးမည့်နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ၊ ဘက်မလိုက်မူကြီး ငါးရပ်အတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံမဆို နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့်အခါ အခြေခံအချက်အလက် နှစ်ခုအပေါ်တွင်သာ အခြေခံ သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ နံပါတ်တစ်သည် အမျိုးသားအကျိုးစီးပွားဖြစ်ကြောင်း၊ နံပါတ်နှစ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမျှ ထိုအချက်နှစ်ချက်ကို အထိအခိုက်ခံသည့် နိုင်ငံခြားရေးမူဝါဒချမှတ်မှုမရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံခြားရေးမူဝါဒကို ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ အမျိုးသားစီးပွား၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို အထိအပါးခံမှာမဟုတ်ကြောင်း ပြောကြားသည်။

ဘဏ္ဍာရေးနှင့် ကုန်သွယ်မှု

ဆက်လက်ပြီး ဘဏ္ဍာရေးနှင့်ကုန်သွယ်မှုကိစ္စကို ပြောမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့်ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်ကတည်းက ပါလီမန်ဒီမို ကရေစီအစိုးရအာဏာရရှိချိန်မှာ စီမံကိန်းစီးပွားရေးစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ပေါင်းစပ် ရောပြွမ်းထားသည့် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပါကြောင်း၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံအနေဖြင့် ပါလီမန်ဒီမိုကရေစီအစိုးရ မှတ်တမ်းများအရ ဗြိတိသျှအစိုးရနှင့် အိန္ဒိယနိုင်ငံများမှာ အကြွေးကျပ်သန်း ၁၀၈၀ ကျော်တင်ရှိခဲ့ကြောင်း၊ ဝန်ကြီးချုပ်ဦးနုလက်ထက်တွင် ပြည်တော်သာစီမံကိန်း အကောင် အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သည့်အတွက် စီမံကိန်းချေးငွေပေါင်း သန်း ၃၈၀ နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေပေါင်း ဒေါ်လာ ၂၃၅ သန်း အကြွေးတင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် မတိုင်မီကစ၍ အစိုးရ အဆက်ဆက်ချေးယူခဲ့သည့် ကြွေးမြီအနေဖြင့် ဆပ်ရန် ကျန်ငွေ ၄ ဒသမ ၂၉ ဘီလီယံဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆပ်ရန်ကျန်ငွေ ၂ ဒသမ ၀၂ ဘီလီယံဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအထိ ဆပ်ရန် ကျန်ငွေပေါင်း ၃ ဒသမ ၇၈ ဘီလီယံဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအထိ ဆပ်ရန်ကျန်ငွေပေါင်း ၁ ဒသမ ၂၅ ဘီလီယံဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက် ၂၀၁၁-၂၀၁၂ ပြက္ခဒိန်နှစ်မှာ ပြည်ပကြွေးမြီအမေရိကန်ဒေါ်လာ ၇ ဒသမ ၉၁ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ပြက္ခဒိန်နှစ်မှာ ပြည်ပကြွေးမြီ ၉ ဒသမ ၅၃ ဘီလီယံရှိခဲ့ပါကြောင်း၊ NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ပြက္ခဒိန်နှစ်မှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၁၄ ဘီလီယံ ကြွေးမြီရှိခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ကာလမှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလီယံဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၂ ဘီလီယံနှင့် ၂၀၂၂ ခုနှစ်ဇွန်လကုန်အထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလီယံရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီ ပထမအစိုးရကာလလက်ထက်ကတည်းက နှစ်စဉ်ယခုအထိ ပြည်ပကြွေးမြီများကို တာဝန်သိစွာဖြင့် အရင်းနှင့်အတိုး ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ လက်ရှိတာဝန်ဆောင်ရွက်နေသည့် မိမိတို့အစိုးရ လက်ထက်မှာ နိုင်ငံခြားချေးငွေ ပြန်လည်ပေးဆပ်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်ဝင်ငွေမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၉၅ ဘီလီယံ ပြန်လည်ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုမိမိတို့အစိုးရလက်ထက်တွင် ထပ်မံချေးယူခြင်းမရှိဘဲ မည်မျှပြန်လည်ပေးဆပ်ခဲ့သည်ဆိုသည်ကို ထင်ရှားစွာတွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး တည်ဆောက်ရာမှာ လိုအပ်သည့် ငွေကြေးအရင်းအနှီးကို နိုင်ငံအတွင်းမှ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုစသည့် အရင်းအမြစ် များမှရရှိသည့်အပြင် အခြားအရင်းအမြစ်တစ်ရပ်ဖြစ်သည့် ပြည်ပအကူအညီ အထောက်အပံ့များမှလည်း ရရှိနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီအထောက်အပံ့များသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ ချေးငွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာချေးငွေများကို ယခင်အစိုးရ အဆက်ဆက် ရယူဆောင်ရွက်ခဲ့ခြင်းများ ရှိကြောင်း၊ လက်ရှိအခြေအနေမှာ မိမိတို့အစိုးရအနေဖြင့် ပြည်ပ ချေးငွေနှင့် ထောက်ပံ့ငွေများရယူခဲ့ခြင်းမရှိဘဲ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုန်သွယ်မှုနှင့် ပတ်သက်ပြီးပြောလိုပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၃ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၃ ဘီလီယံ ကုန်သွယ်မှု ပိုငွေ ၁၀၀ ဒသမ ၅၄ သန်းရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေပေါင်း ၁၂ ဒသမ ၀၉ ဘီလီယံရှိခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင်ကုန်သွယ်မှုလိုငွေ စုစုပေါင်း ၅ ဒသမ ၂၅ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှုလိုငွေပေါင်း ၁၂ ဒသမ ၅၁ ဘီလီယံအထိရှိခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ကုန်သွယ်မှုပိုငွေ ၀ ဒသမ ၆၇ ဘီလီယံရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ(ယာယီ) ပို့ကုန်ကုန်သွယ်မှု ပိုငွေ ၀ ဒသမ ၀၆၅ ဘီလီယံရှိခဲ့ပြီး မိမိတို့ အစိုးရလက်ထက်တွင် စုစုပေါင်းကုန်သွယ်မှုပိုငွေ ၁ ဒသမ ၀၈ ဘီလီယံရှိခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ ကုန်သွယ်မှုပိုငွေ ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ဖွဲ၊ ပဲမျိုးစုံ စသည်ဖြင့် ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်ပို့မှုများအနေဖြင့် ၂၀၁၁ ခုနှစ်တွင် ဆန်တန်ချိန် ၇ သိန်း ၅ သောင်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ဆန်တန်ချိန် ၉ သိန်း ၄ သောင်း ကျော်၊ ၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်း ၁ သိန်း ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၁၆ ခုနှစ်ထက် ၂၀၂၁ ခုနှစ်တွင် တန် ၁ သိန်း ၅ သောင်း ကျော်၊ ၂၀၁၁ ခုနှစ်ထက် တန် ၃ သိန်း ၁ သောင်း ကျော်ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ အလားတူ ဆန်နှင့်ဆက်စပ်နေသည့် ဆန်ကွဲနှင့် အခြားသော ဆက်စပ်ပစ္စည်းများကိုလည်း ပိုမို တိုးတက် တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပဲမျိုးစုံတင်ပို့မှုအနေ ဖြင့် ၂၀၁၁ ခုနှစ်တွင် ပဲမျိုးစုံ တန်ချိန် တန် ၁ သိန်း ၃သောင်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ သန်း ၃ သိန်းကျော် ၊ ၂၀၂၁ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် တန် ၁ သန်း ၉ သိန်းကျော်၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ(ယာယီ) ပဲမျိုးစုံတန်ချိန် တန် ၁ သန်း ၆ သိန်းကျော် တင်ပို့ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၂၀၁၆ ခုနှစ်ထက် ပဲမျိုးစုံတန်ချိန် တန် ၅ သိန်း ၉ သောင်းကျော်၊ ၂၀၁၁ ခုနှစ်ထက် ပဲမျိုးစုံတန်ချိန် တန် ၁ သန်း ၈ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးဦးတည်ချက် (၃) ရပ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခက်အခဲအတားအဆီးများကြားမှ နိုင်ငံတော်၏ စီးပွားရေးပြန်လည်တိုးတက်လာစေရေး တက်စွမ်းသရွေ့ ကြိုးစားလျက်ရှိသည်ကို အသိပေးလိုကြောင်း ပြောကြားသည်။

ပညာရေးဆိုင်ရာကိစ္စများနှင့် နေပြည်တော်ဆိုင်ရာ ကိစ္စရပ်များ

ဆက်လက်ပြီး ပညာရေးဆိုင်ရာကိစ္စများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆိုင်ရာကိစ္စရပ်များကို ပြောမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ဖွင့်လှစ် ခဲ့သည်မှာ နှစ်ပေါင်း ၁၆ နှစ်ကျော်ကာလ ရှိပြီဖြစ်ပါကြောင်း၊ မြို့တော်အင်္ဂါရပ်များနှင့် ကိုက်ညီရန်၊ မြို့တော်သန့်ရှင်းသာယာသပ်ရပ်မှုရှိရန်နှင့် စံပြမြို့တော်ဖြစ်စေရန် မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်၏ ပညာရေးပိုင်းဆိုင်ရာတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်စသည့် တက္ကသိုလ်များအပြင် စိုက်ပျိုးရေး သိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများ လည်းရှိပါကြောင်း၊ ထို့ပြင် နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန်ရည်ရွယ်ပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများမှ သားသမီးများနှင့် နေပြည်တော် ရှစ်မြို့နယ်ရှိဒေသခံပြည်သူများ၏ သားသမီးများအတွက် နိုင်ငံတကာအဆင့်မီအဆင့်မြင့်ပညာရပ်များ သင်ယူလေ့လာခွင့်ရရှိစေရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ Naypyitaw State Academy ကိုဖွင့်လှစ်ခဲ့ပါကြောင်း၊ ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနဆိုသည့် မဟာဌာနကြီး ခုနစ်ခုဖြင့် ဖွဲ့စည်းထားပါကြောင်း။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနနှင့် စီးပွားရေးပညာမဟာဌာနဟူ၍ မဟာဌာနလေးခုကို စတင်ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာနတွင် ဘာသာရပ်ဌာနခုနစ်ခု၊ သိပ္ပံပညာမဟာဌာနတွင် ဘာသာရပ်ဌာနသုံးခု၊ ဥပဒေပညာမဟာဌာနတွင် ဘာသာရပ်ဌာန တစ်ခုနှင့် စီးပွားရေးပညာမဟာဌာနတွင် ဘာသာရပ်ဌာနလေးခု စုစုပေါင်းဘာသာရပ်ဌာန ၁၅ ခုကို စတင်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားပါကြောင်း၊ လာမည့်ပညာသင်နှစ်များတွင် ဆေးသိပ္ပံ မဟာဌာန၊ အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ် သည့်အတွက် စုစုပေါင်းမဟာဌာန ခုနစ်ခုအထိ ရှိလာမည်ဖြစ်ကြောင်း။

ထို့ပြင် အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာပညာရှင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေ ရန်နှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို သင်ယူနိုင်မည့်အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ရေးတို့အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အင်ဂျင်နီယာပညာရပ်များကို သင်ကြားပေးနိုင်မည့် နည်းပညာတက္ကသိုလ်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံတော်အတွက် ကဏ္ဍအသီးသီးတွင် လိုအပ်လျက်ရှိသည့် အင်ဂျင်နီယာပညာရှင် လူငယ် များမွေးထုတ်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက်အများ ဆုံးဖြစ်သည့် အင်ဂျင်နီယာဘာသာရပ်ကြီးလေးခု၊ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးဖြစ်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ်အပါအဝင် စုစုပေါင်းဘာသာရပ်ခြောက်ခုကို ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအား ပညာရေးမြို့တော်ဖြစ်လာစေရန်အတွက် လက်ရှိ ဖွင့်လှစ်ပို့ချလျက်ရှိသည့် အစိုးရမူလတန်းကျောင်း ၅၀၈ ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၁၂၀၊ အစိုးရအထက်တန်းကျောင်း ၁၂၉ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅၇ ကျောင်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့်အပြင် မိမိတို့အစိုးရအနေဖြင့် ပုဂ္ဂလိကကျောင်းများအပါအဝင် လိုအပ်သည့် ကျောင်း၊ တက္ကသိုလ်များကိုလည်း ဆက်လက်ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု

ဆက်လက်ပြီး Green City ၊ Clean City ၊ Smart City ဖြစ်အောင် ဆောင်ရွက်နေမှုကို ပြောမည်ဖြစ် ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထားဆောင်ရွက်၍ Green City၊ Clean City နှင့် Smart City ဖြစ်လာစေရေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများအတွက်အိမ်ရာများ (Housing and Home: Affordable Housing and Low Cost Housing) တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင်ရေပေးဝေရေးစနစ်မှ နေ့စဉ်ရေဂါလန် သန်း ၃၀ ခန့် တိုးချဲ့ရေပေးဝေ နိုင်ရန်အတွက်ဆောင်ရွက်မည့် နေပြည်တော်တိုးချဲ့ ရေပေးဝေရေး (ပေါင်းလောင်း)စီမံကိန်း(Phase-1) ကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း။

ဟိုတယ်နှင့် ခရီးသွားလာခြင်း စီးပွားရေးလုပ်ငန်းအား မီးခိုးမထွက်သည့်စက်ရုံဟု တင်စား ခေါ်ဝေါ်ကြပါကြောင်း၊ နိုင်ငံတကာစီးပွားရေး ကဏ္ဍတွင်နိုင်ငံ၏ အဓိကဝင်ငွေများကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍမှရရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် မူလရှိပြီးသားခရီးစဉ်နေရာဒေသများအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာယဉ်ကျေးမှုကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများကို ထပ်မံဖော်ဆောင်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွား လာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဆက်လက်ပြီး နေပြည်တော်အတွင်း မီးခိုးမထွက်သော၊ ကာဗွန်မထွက်သော အကြီးစားစက်မှု လုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့် ဆောင်ရွက်နေသည့် အထည်ချုပ်လုပ်ငန်းသုံးခု၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအေးခဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှစ်ခု၊ သစ်သီးဝလံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတစ်ခု၊ CNC စနစ်ဖြင့် ဆောင်ရွက်နေသည့် ကျောက်ဆစ်ရုပ်တုလုပ်ငန်း တစ်ခု စသည့်လုပ်ငန်းများရှိကြောင်း။

ဆက်လက်ပြီး နေပြည်တော်ကောင်စီနယ်မြေသည် ရေမြေရာသီဥတု အထူးကောင်းမွန်သည့်အတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ မီးခိုးမထွက်သောစက်မှုလုပ်ငန်းများ၊ အထည်ချုပ်စက်ရုံလုပ်ငန်းများနှင့် တက္ကသိုလ်၊ အဆင့်မြင့်ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာစေရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒေသသည် တည်နေရာအရ တရုတ်- မြန်မာစီးပွားရေး စင်္ကြံနှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံလမ်းမပေါ်တွင် တည်ရှိခြင်းကြောင့် မဟာဗျူဟာကျပြီး ရေ၊ မြေ၊ ရာသီဥတု အခြေခံကောင်းမွန်ခြင်း၊ လျှပ်စစ်မီး၊ လမ်းတံတား၊ လေဆိပ်စသည့် အခြေခံအဆောက်အအုံ ပြည့်စုံကောင်းမွန်ခြင်း စသည့်အားသာချက်များရှိနေကြောင်း။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုနိုင်မည့် မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှုပြုမည်ဆိုပါက လုပ်ငန်းစတင်သည့်အချိန်မှ ငါးနှစ်အထိဝင်ငွေခွန် ကင်းလွတ်ခွင့် လျှောက်ထားခံစားနိုင်မည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာသက်သာခွင့်ပေး၍ ရင်းနှီးမြှုပ်နှံ မှုများ တိုးမြင့်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင် ဖန်တီးနိုင်ခွင့်ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ပွဲတော်ကာလများအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများ

ဆက်လက်ပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်း ပွဲတော်ကာလများအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေ အနေများ၊ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ယုံကြည်ကြသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် မြန်မာတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု၊ ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှုတို့နှင့် ယဉ်ကျေးမှုပွဲလမ်းသဘင်များကို ကျင်းပလေ့ရှိသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ အခြားဘာသာဝင်များအနေဖြင့်လည်း ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ဘာသာရေးဆိုင်ရာအထိမ်းအမှတ် နေ့များကိုလွတ်လပ်စွာ ပြုလုပ်လျက်ရှိကြောင်း၊ ထိုကာလများတွင် ပြည်သူလူထုစိတ်ချမ်းမြေ့အောင်၊ ပျော်ပျော်ပါးပါး ပါဝင်နိုင်အောင် စီစဉ်ပေးရမည်မှာ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏တာဝန်ဖြစ်ကြောင်း၊ တာဝန်ရှိသည့်အတွက် တာဝန် ယူပြီး စီမံပေးပါကြောင်း၊ ယင်းကို မည်သူတို့ကပျက်ပြားအောင် လိုက်နှောင့်ယှက်သည်၊ ခြိမ်းခြောက်မှုများ လုပ်ခဲ့သည်ကို ပြန်ဆန်းစစ်ရန်လိုမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလက ပြည်သူလူထုအပန်းဖြေနိုင်သည့် နေရာများ၊ ဘာသာရေးဆိုင်ရာနေရာများ၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စည်ကားမှုရှိခဲ့သည်ကို၊ ပြည်သူလူထုအနေဖြင့် စိတ်ချမ်းမြေ့မှုရှိခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်စိတ်မချမ်းမြေ့စရာများ လည်းရှိကြောင်း၊ ဘာသာတရားအရကိုးကွယ်မှုရှိသည့် နေရာများ၌ပင် ခြိမ်းခြောက်မှုများရှိခဲ့ပါကြောင်း၊ မုံရွာမြို့ရှိ ကျောက္ကာရွှေဂူနီဘုရားရှေ့၌ လက်နက်ကိုင်ခြိမ်းခြောက်မှုကြောင့် ဘုရားဖူးမရှိခဲ့ခြင်းကလည်း ဓမ္မနှင့်အဓမ္မကို သိသာစေသည့် အဖြေဖြစ်မည်ဟု ပြောလိုပါကြောင်း၊ ဘုရားရှေ့၌ပင် လက်နက်ကိုင်ထားပြီး “ဒီနေ့ ဘုရားပိတ်တယ်” ဆိုသည့် စာတန်းမျိုးထိုးသည်အထိ ကိုးကွယ်ရာဘာသာနှင့် ပြည်သူလူထုကို နှောင့်ယှက်စော်ကားခဲ့ ကြောင်းကိုတွေ့ရကြောင်း၊ ထို့ပြင် ဘုရားနှင့် တစ်ဂိုဏ်းတည်းထား ကိုးကွယ်ရသည့် ရတနာသုံးပါး စာရင်းဝင် သံဃာများ၊ အနန္တောအနန္တဂိုဏ်းဝင်ဆရာများကိုပါ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်ခဲ့ကြသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့ထိ ရဟန်း သံဃာ ၆၇ ပါး သတ်ဖြတ်ခံရပါကြောင်း၊ ဆရာ ဆရာမ၊ ကျန်းမာရေးဝန်ထမ်း အပါအဝင် အပြစ်မဲ့ပြည်သူပေါင်းများစွာ အသတ်ခံခဲ့ရပါကြောင်း။

အကြမ်းဖက်လုပ်ရပ်များ

အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီး ဆက်စပ်ပြောလိုပါကြောင်း၊ မြန်မာနိုင်ငံ၌ရှိသည့် ထင်ရှားကျော်ကြားလှသည့် ဘုရား၊ ပုထိုးများထဲ၌ ကျိုက်ထီးရိုးစေတီတော်သည်လည်း တန်ခိုးကြီးစေတီတစ်ဆူဖြစ်ကြောင်း၊ နှစ်စဉ်ဘုရားပွဲတော်ကျင်းပချိန်အပြင် တစ်နှစ်ပတ်လုံးနီးပါး ဘုရားဖူးပြည်သူများနှင့် စည်ကားသက်ဝင်နေသည့် စေတီတစ်ဆူဖြစ်ကြောင်း၊ ဘုရားကိုဆက်စပ်ပြီး ဒေသတွင်း ပြည်သူလူထု၏ စီးပွားရေးကို အတိုင်းအတာကြီးကြီးမားမား ထောက်ကူပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူ လူထုအနေနှင့်ရော မြန်မာနိုင်ငံတစ်ဝန်းသာမက ကမ္ဘာလှည့်ခရီးသွားများကပါ စိတ်ဝင်စားစွာ လာရောက်ဖူးမြော်ကြ၊ လေ့လာကြနှင့် စည်ကားလှသည့်နေရာကို အကြမ်းဖက်သမားများက လာရောက်ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်မှုနေရာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်လာသည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်ကို သဘောပေါက်မိ ကြမည်ဟု ယုံကြည်ပါကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က လာရောက်တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အမျိုးသားကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း၊ အကြမ်းဖက်မှုလုပ်ခဲ့သည့် အဖွဲ့များအနေဖြင့် နံပါတ်(တစ်) ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗြောင်လိမ်ပါကြောင်း၊ နံပါတ် (နှစ်) ဒေသခံ ပြည်သူလူထုကလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ KNU, PDF အကြမ်းဖက်အဖွဲ့ဝင်များ လုပ်သွားသည်ဟုပြောကြောင်း၊ ထိုအချိန်တွင် ယင်းအကြမ်းဖက်များက ဝေ့လည်ကြောင်ပတ်နှင့် လိမ်ပါကြောင်း၊ သေဆုံးသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးရသယောင်လုပ်ကြောင်း၊ ထိုသို့လုပ်ပြီး CCTV မှတ်တမ်းများ ချပြရန် ပြောကြသည့်အတွက် မိမိတို့အနေဖြင့် အမှန်တကယ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် နေရာရှိ CCTV မှတ်တမ်းကို ပြသခဲ့ပါကြောင်း၊ ထိုသို့ CCTV မှတ်တမ်းချပြလိုက်သည့်အခါတွင်မူ လျှောချသွားပါ ကြောင်း၊ CCTV မှတ်တမ်းထွက်လာပြီး အရပ်သားများကို ဦးတည်တိုက်ခိုက်ကြောင်း ပေါ်လွင်လာချိန်တွင် အားလုံးက မသိချင်ယောင်ဆောင်သည်များ၊ လက်သည်မပေါ်အောင် လုပ်ဆောင်မှုများရှိလာသည်ကို တွေ့ရှိရကြောင်း၊ စာထုတ်ခြင်း၊ ကန့်ကွက်ခြင်းများကို အမြဲမပြတ်လုပ်လေ့ရှိသည့် သံရုံးဆိုသည့်ရုံးများ၊ အမည်မျိုးစုံနှင့် အဖွဲ့အစည်းများအားလုံး နှုတ်ပိတ်နေသည်ကို တွေ့ရပါကြောင်း၊ ကချင်ပြည်နယ် အနန့်ပါ၌ ဖြစ်ခဲ့သည့်ဖြစ်စဉ်ဆိုလျှင် စာမျိုးစုံထုတ်ကြပါကြောင်း၊ ယင်းဖြစ်စဉ်သည် သောင်းကျန်းသူ၏ နေရာတစ်ခုသာဖြစ်ကြောင်း၊ စျေးတန်းလည်း မဟုတ်ကြောင်း၊ ထိုနေရာသို့ KIA ခွင့်ပြုချက်မရဘဲ မည်သူမျှဝင်ခွင့်မရပါကြောင်း၊ အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများရှိသည့်နေရာတွင် ထိုဖြစ်စဉ်မျိုး ဖြစ်လျှင် စာထုတ်ကြပြီး ဗုဒ္ဓဘာသာဝင်အများစု၊ နိုင်ငံခြားခရီးသွားအများစု သွားနေသည့်နေရာ၌ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်သည်ကိုမူ မသိချင်ယောင်ဆောင်နေခြင်းသည် ထူးထူးဆန်းဆန်း ငြိမ်သက်နေခြင်းမျိုးဖြစ်သည်ဟုသာ ပြောလိုပါကြောင်း၊ ဒါဟာအဖြေပဲဖြစ်ကြောင်း၊ ၎င်းတို့လုပ်ရပ်များ၊ လုပ်ဆောင်ချက်များသည် မြန်မာပြည်သူများ အတွက်လား၊ ၎င်းတို့ လိုလားချက်အတွက်လား ဆိုသည်ကို သဲသဲကွဲကွဲ မြင်ကြရမည်ဖြစ်ကြောင်း။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက် မနက် ၉ နာရီ ၄၀ မိနစ်တွင် အင်းစိန်ဗဟို အကျဉ်းထောင်၌ မိုင်းပေါက်ကွဲမှုဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသွားသည့် အထဲတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လူသားချင်းစာနာထောက်ထားပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း များစွာဝမ်းနည်းသည်ဟု ပြောလိုပါကြောင်း၊ မိုင်းဖောက်ခွဲသည့်သူများက ပစ္စည်းလက်ခံသည့်နေရာကို ဖောက်ခွဲခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ အကြံအစည်ကဘာလဲဆိုတာ သိရမှာဖြစ်ကြောင်း၊ ယင်းပစ္စည်းကို အကျဉ်းထောင်ထဲအထိ ရောက်အောင်ပို့၊ အကျဉ်းထောင်ထဲ၌ ဖောက်ခွဲပြီး အကျဉ်းသားများကို နှုတ်ပိတ်လို၍လားပင် မသိ ကြောင်း၊ ယင်းဖြစ်စဉ်တွင် အရပ်သားပြည်သူရှစ်ဦး သေဆုံးပါကြောင်း၊ ဝန်ထမ်း ငါးဦး အပါအဝင် ပြည်သူ ၁၃ ဦး စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း တရားခံများဖမ်းဆီးရမိ ပြီးဖြစ်ကြောင်း၊ တရားခံများ၏ ထွက်ဆိုချက်များကို ပြသပြီးဖြစ်ကြောင်း၊ ထို့ပြင် ကျိုက်ထီးရိုး၌ ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးအတွက် CID မှ ဒုတိယအကြီးအကဲ ကိုယ်တိုင်သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့်နေရာများ၊ ပစ်ခတ်သည့်လမ်းကြောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိခဲ့သည့် နေရာများကိုပြသပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပြောလိုသည်မှာ အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်ပြီး အနှစ်ချုပ်ပြောရလျှင် မည်သူတို့ကို ဦးတည်ပြီး တိုက်ခိုက်နေပါသလဲ၊ မည်သည့်အဖွဲ့အစည်းကို ပစ်မှတ်ထားသည်ဆိုခြင်းထက် ပြည်သူကို ဦးတည်ပစ်မှတ်ထားသည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ရာ၌ ပြည်သူဆိုတာအပြင် အချင်းချင်း ကိုပင် ထိခိုက်သေကျေအောင် တိုက်ခိုက်နေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ မြန်မာပြည်သူများအတွက် အစချီခေါင်းစဉ်တပ် စာထုတ်နေသူများကရော အမှန်တကယ်ပဲ ပြည်သူအတွက် ဟုတ်ပါသလား၊ ပြည်သူအတွက် ဟုတ်သည် ဟူ၍ မိမိတို့ ပြည်သူများကရော ယုံကြည်ပါ၏လားဟု မေးခွန်းထုတ်ရင်း မိမိ၏ရှင်းလင်းမှုကို နိဂုံးချုပ်ပါ ကြောင်း ပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment