ရန်ကုန် နိုဝင်ဘာ ၂၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး ခြောက်ခန်းတွဲလေးထပ်အားကစားသမားအိပ်ဆောင်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်ရှိ
လူငယ် အားကစားသမားများ၊ လက်ရွေးစင်အားကစားသမားနှင့်တွေ့ဆုံ၍ အားကစားသမားများ အတွေ့အကြုံကောင်းများရရှိစေရန်အတွက်
ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း စေလွှတ်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့
ပူးတွဲလေ့ကျင့်ရန်စေလွှတ်ခြင်းနှင့်ပတ်သက်၍ မြန်မာ့အားကစားအောင်နိုင်ရေးအတွက် အထောက်အကူပြုအကျိုးရှိစေရန်
သေချာစိစစ်၍စေလွှတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်မှ
တင်ပြတောင်းခံထားသည့် Gym ခန်း၌ အသုံးပြုမည့် လေ့ကျင့်ရေးစက်အမျိုးအစားကိုလည်း အသုံးပြုနိုင်အောင်
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားပြီး စားရိပ်သာနှင့် အားကစားသမားများအိပ်ဆောင်များကို
လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ
ကျိုက္ကဆံအားကစားကွင်းရှိ အမျိုးသမီးအိပ်ဆောင်၊ အမျိုးသားအိပ်ဆောင်၊ စားရိပ်သာနှင့်
စားဖိုဆောင်ဆောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျိုက္ကဆံအားကစားကွင်းရှိ
အားကစား နှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အထူးနေ့လယ်စာကို
အတူတကွသုံးဆောင်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ
အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏသို့ရောက်ရှိပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ
ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ရန် ငါးလသာလိုတော့သည့်အချိန်တွင် အချိန်မှန်မှန်လေ့ကျင့်မှုမှာ အဓိကကျသည့်အတွက်
ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် နေပြည်တော်တွင်
လေ့ကျင့်မှုများပြုလုပ်လိုပါကလည်း နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ လေ့ကျင့်မှုကိစ္စရပ်
များကို စနစ်တကျဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစားအာဆီယံနိုင်ငံများ အကြား
ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရာမှတစ်ဆင့် ဂုဏ်ယူဝင့်ကြွားနိုင်သည်အထိ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့်
ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်နေသော အားကစားနည်းအလိုက် ဆီးဂိမ်းတွင်အောင်မြင်မှုရရှိရေး
ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ်
ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment