နေပြည်တော် နိုဝင်ဘာ ၂၆
မဲခေါင်ဒေသတွင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Aster Villa ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် Virtual စနစ်ဖြင့်တက်ရောက်သည်။
အဓိကကုန်သွယ်မှုလမ်းကြောင်း
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မဲခေါင်မြစ်သည်
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံကို
ဖြတ်သန်းစီးဆင်းနေသည့် နယ်နိမိတ်ဖြတ်မြစ်တစ်ခုဖြစ်၍ တောင်တရုတ်နှင့် အရှေ့တောင်အာရှဒေသကိုဆက်သွယ်ပေးသည့်
အဓိကကုန်သွယ်မှုလမ်းကြောင်းဖြစ်ကြောင်း၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည်
နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်စေပြီး ဒေသတွင်းနိုင်ငံများ၏
စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင်များစွာအရေးပါကြောင်း၊
ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုခချမ်းသာကိုမြှင့်တင်ပေးနိုင်ပြီး အတူတူမျှဝေခံစားနိုင်မည့်
သာယာဝပြောသည့်အနာဂတ်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
ဈေးကွက်ချဲ့ထွင်
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ယခင်ဆွေးနွေးပွဲများ၏
တုံ့ပြန်မှုနှင့်ရလဒ်များအပေါ်မူတည်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် E-Market Platform ကို ကျယ်ပြန့်စွာအသုံးပြု နိုင်စေရေးအတွက်
အသိပညာမျှဝေခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်
E-Market Platform ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင်
အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ၁၀၀ ခန့်၏ ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချခွင့်ရရှိမည်ဖြစ်၍
Digital Platform ကိုအသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊
အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုထည့်သွင်းပြသရောင်းချနိုင်ရေးအတွက် ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး
လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များမြှင့်တင်ရေး ကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ယခုနှီးနှောဖလှယ်ပွဲမှ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်သော
အတတ်ပညာ၊ အသိပညာများရရှိမည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။
အားပေးကြည့်ရှုစစ်ဆေး
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ
Minister Counselor ဖြစ်သူ Dr. Zheng Zhihon က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်
ဆောင်ရွက်ခဲ့မှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြသည်။ ထို့နောက်
ပြည်ထောင်စုဝန်ကြီးက E-Market Place for Myanmar Products Platformအားစတင် အသုံးပြုကြောင်းကြေညာပြီး
ထုတ်ကုန်ပြခန်းများကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။
မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်
ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦး တီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို
နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲတွင်
မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှ ၎င်းတို့ဆောင်ရွက်ခဲ့သည့်
အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာ၊ နည်းပညာရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။
မဲခေါင်-လန်ချန်းဒေသမှလူငယ်စွန့်ဦးတီထွင်
လုပ်ငန်းရှင်များအကြားဆွေးနွေးပွဲမှတစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ရာကိစ္စရပ်များနှင့်
တီထွင်ဆန်းသစ်မှုဆိုင်ရာကိစ္စရပ်များသိမြင်လာစေရန်၊ တရုတ်နိုင်ငံအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊
လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ လူငယ်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်မိစေရန်၊
မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအချင်းချင်း အသိပညာဝေမျှနိုင်စေရန်၊
ဆန်းသစ်တီထွင်မှုအလေ့အထကောင်းများကို လူငယ်များကြားပေါ်ပေါက်လာစေရန်၊ E-Market
Place ကဲ့သို့သော နည်းပညာများအသုံးပြု၍ ဆန်းသစ်တီထွင်မှုအလေ့အထများ ဖွံ့ဖြိုးတိုးတက်
လာစေရန်နှင့် ဈေးကွက်ကိုလွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment