Sunday, November 6, 2022

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံ

 

လွိုင်ကော် နိုဝင်ဘာ ၆

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် ကယားပြည်နယ်ကိုယ်စားပြု သင်တန်းသား ၊ သင်တန်းသူများက ကယားပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်အနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသားများ၏ အရေးကိုအလေးထားပြီး ဆောင်ရွက်ပေးနေကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားပြီး တိုင်းရင်းသားအားလုံးသည် တစ်ပြေးညီအကျိုးခံစားခွင့်ရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက အပြန်အလှန်လေးစားယုံကြည်မှုဖြင့် တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်မှသာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူငယ်များက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံနှင့်ပြည်နယ်အကျိုးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်ကိုယ်စားပြုတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများတွင် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှပါဝင်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်မည့် ပြည်နယ်အတွင်းနှင့် ရှမ်း၊ ကယားနယ်စပ်ရှိ မြို့နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၀)ဦးအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သင်တန်းသား၊ သင်တန်းသူများကို သက်ဆိုင်သည့်တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ အဆင်ပြေစွာသွားရောက်နိုင်ရေးအတွက် စီစဉ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ စာကြည့်တိုက်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာဆောင်၊ မီးဖိုဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး

No comments:

Post a Comment