Thursday, November 3, 2022

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၃

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ကာကွယ်တားဆီးရေး ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ်တို့ကို ကာကွယ်တားဆီးရေး ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအပါအဝင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးတို့ကို နေရာဒေသ၊ လူမျိုးမရွေး ခွဲခြားမှုမရှိဘဲ တန်းတူညီမျှရရှိခံစားနိုင်ရေး၊ သက်ဆိုင်ရာ ရပ်ရွာပတ်ဝန်းကျင်အတွင်း လုံခြုံအေးချမ်းစွာ ရှင်သန်နေထိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေး၊ လူ့အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်းအမြစ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နိုင်ရေးတို့ကို ရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး နောက်ပိုင်းတွင် ကြိုးပမ်းဆောင်ရွက်ချက်တို့ကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပါကြောင်း။

အကျိုးရလဒ်အဖြစ် ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး လုပ်ငန်းစီမံချက် စတင်ဆောင်ရွက်နိုင်ခြင်း၊ Helpline အကောင်အထည်ဖော်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအတွက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများဆိုင်ရာ သဘောတရားများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအတွက် အခြေခံလိုအပ်ချက်များ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများရရှိနိုင်ရန် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေမူဘောင်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ စသည်တို့ကို လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများနှင့်စပ်လျဉ်းပြီး ဆက်စပ်ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သင်တန်းကို နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ ကာကွယ်တားဆီးရေး ကော်မတီရုံးအဖွဲ့ဝင်များအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သူများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment