Thursday, November 3, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပပြုလုပ်သည့် ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 


ပဲခူး နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြကာ ကြွရောက်လာသောဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ ရွတ်ဖတ်သရဇ္စျာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံ ကထိန်လျာဉာတ်သင်္ကန်းနှင့် ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြွရောက်ချီးမြှင့်တော်မူကြသည့်  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည်  ပဲခူးမြို့ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရတနာရွှေမိုးငွေမိုးရွာသွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ်များတို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်အပေါင်းတို့အား ဧည့်ခံကျွေးမွေးကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့ပြုလုပ်သည့် ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတွင် ပဒေသာပင်(၄၇)ပင်၊ ပစ္စည်းတန်ဖိုးနှင့် ငွေသားလှူဒါန်းမှုတို့၏ စုစုပေါင်းတန်ဖိုးမှာ စုစုပေါင်းကျပ် ၄၂၂,၇၅,၆၆၀ (ကျပ်လေးရာနှစ်ဆယ့်နှစ်သိန်းခုနစ်သောင်းငါးထောင်ခြောက်ရာခြောက်ဆယ်)ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)

No comments:

Post a Comment