Thursday, November 3, 2022

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ

 



ဘားအံ နိုဝင်ဘာ ၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တိုင်းရင်းသားများအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသားလူငယ်များ ပြည်ပအလုပ်အကိုင်များ ရရှိရေးအတွက်လည်း ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ ဆရာမများ ခန့်ထားရေးနှင့် ပတ်သက်ပြီးလည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာပြီး ပေးအပ်သော တာဝန်များနှင့် တိုင်းရင်းသားအရေး ကိစ္စရပ်များကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment