Thursday, November 3, 2022

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၄ ခုနှစ် ဒွါဒသမ(၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်

ထားဝယ် နို၀င်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် ဒွါဒသမ(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများအား ဆက်ကပ်လှူဒါန်းပူဇော်သည်။

ထို့နောက် ဆရာတော်ကြီးများအား အခမ်းအနားဖြင့် ပင့်ဆောင်ပူဇော်ရာ မင်္ဂလာဝိုင်းတော်အဖွဲ့ က စည်တော်ဖြင့်ပူဇော်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကာ မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဖိတ်ကြားထားသောဧည့်သည်တော်များက အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းပြီး ဒွါဒသမ(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်ကြောင်း အထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး ငွေမိုးရွားသွန်းဖြိုးကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်ခဲ့ကြသည်။

ဒွါဒသမ(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင် (၁၀၆) ပင် လှူဒါန်းရရှိပြီး စုစုပေါင်း (၅၈၂ သိန်း ၅သောင်း ၃ ထောင် ၂ ရာ) ကျပ် အလှူခံရရှိကာ ငွေပဒေသာပင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ က ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်) 

No comments:

Post a Comment