Sunday, November 6, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်မြို့ ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်းအနားနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်

 

မော်လမြိုင် နိုဝင်ဘာ ၆

မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူမည့် ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော်စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင် စေတီတော်မြတ်ရင်ပြင်တော်၌၊ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ သီလတော်မြတ်များ ခံယူဆောက်တည်၍ မင်္ဂလာအချိန်တွင် ဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ စေတီတော်မြတ်ကြီး၏ ဌာပနာတော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှပင့်ဆောင်၍ ဌာပနာတိုက်အတွင်းသို့ ထည့်သွင်းပူဇော်ခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခြင်း၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံသို့ ကထိန်လျာမြတ်သင်္ကန်းနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်အပေါင်းတို့က ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကထိန်အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့ပြီး အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ဌာနအသီသီးမှ အလှူရှင်များ၏စုပေါင်း၍ ပဒေသာပင် (၅၁)ပင်၊ ပစ္စည်းတန်ဖိုး (၁၃၆၃၈၅၄၀)ကျပ်၊ ငွေသား (၂၂၁၃၃၀၀၀) ကျပ်၊ စုစုပေါင်း(၃၅၇၇၁၅၄၀) ကျပ်တို့အား လှူဒါန်းခဲ့ကြပြီး ရုံးဌာနများအလိုက် ကျောင်းတိုက်တော်များသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်

No comments:

Post a Comment