Saturday, October 29, 2022

e-Government စနစ်၏ အခြေခံအကျဆုံးတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၈


နိုင်ငံတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြား သားများ စသည်တို့၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးဂဏန်း ၁၀ လုံး ပါသည့် Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် e-ID စနစ်လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက e-ID စနစ်လုပ်ငန်းကော်မတီသည် ပြည်တွင်းနည်းပညာအကြံ ပေးအဖွဲ့ဝင်များ၊ ပြည်တွင်းနည်းပညာဆိုင်ရာပညာရှင်များဖြင့် ညှိနှိုင်းပေါင်းစပ်ကာ System Architecture Design၊ e-ID စနစ်ဆိုင်ရာစီမံချက် Master Plan ၊ နည်းဥပဒေနှင့် နိုင်ငံခြားသား အကြံပေးငှားရမ်းခြင်းဆိုင်ရာ TOR ရေးဆွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်တွင်းမှ နည်းပညာရှင်များ၏ အကူအညီဖြင့် Software ရေးဆွဲကာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မိမိတို့ဌာန၏ မြို့နယ်ရုံးများရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်းကျော်ကို e-ID Biographic Registration System အတွင်း ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ FRC ၊ PR ရရှိသူတို့၏ အချက်အလက်များကိုလည်း Database Server အတွင်းသို့ ဆက်လက်ထည့်သွင်းခဲ့ကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)၁၃ သန်းကျော်ကိုနိုင်-၄ Database Server မှတစ်ဆင့်ချိတ်ဆက်၍ Household Registration Software Program အတွင်းသို့ ထည့်သွင်းပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆိုက်ဘာလုံခြုံရေးအစီအမံများ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချက်အလက်များ မှန်ကန်ပြည့်စုံတိကျစေရေးအတွက်လည်း နည်းပညာနှင့် မူဝါဒဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း။

ပထမအဆင့် e-ID စနစ်ဖြင့်ကောက်ယူမည့် ဦးတည်အုပ်စုများ လျာထားဆောင်ရွက်၍ လာမည့် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project ဖြင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး e-ID စနစ်ဆောင်ရွက်မည့် နည်းပညာဆိုင်ရာ ပစ္စည်းများရရှိပါက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆက်လက်ကောက်ယူနိုင်ရေး အဆင့်ဆင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ e-ID စနစ် အောင်မြင်စွာဆောင်ရွက်နိုင်မှသာ လူတစ်ဦးချင်းစီ၏ မှန်ကန်သောအချက်အလက်များရရှိပြီး နိုင်ငံတော်၏ e-Government စနစ်နှင့် National Database စနစ်ကို အကောင်အထည်ဖော်ရာတွင် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် e-ID စနစ်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် အဘက်ဘက်မှသုံးသပ်ကာ ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်းကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီး မှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် တင်ဒါခေါ်ယူရာတွင် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ e-ID စနစ် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က တင်ဒါခေါ်ယူရေးနှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဆပ်ကော်မတီအလိုက် ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်များကို ထပ်မံသုံးသပ်အကြံပြုဆွေးနွေး ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment