Saturday, October 29, 2022

၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

 

နေပြည်တော် အောက်တိုဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်ကအသိ အမှတ်ပြုသောအားဖြင့် စာပေပညာရှင်ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ စာပေပညာရှင် ဆရာကြီးဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင် ဆရာမကြီးဒေါက်တာမတင်ဝင်းတို့အား ၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း‌ ကြေညာသည်။

ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန် ကြေညာသည်။

ဝတ္ထုတိုဆုတွင် မင်းခိုက်စိုးစန်ရေးသားသည့် ဂျစ်ကန်ကန်ဝတ္ထုတို‌များစာအုပ် (ငါတို့စာပေတိုက်)၊ စာပဒေသာဆုတွင် စိုးတင့်(ဧရာဝတီ)ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံစာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆုတွင် ရွှေကူနန်းနွဲ့နွဲ့ ရေးသားသည့် ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်းစာအုပ် (သစ္စာရောင်ခြည်စာပေတိုက်)၊ လူငယ်စာပေဆုတွင် အကြီးကိုကို(ကသာ)ရေးသားသည့် လူငယ် ၁ဝဝ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ စာအုပ် (အကြီးကိုကိုစာအုပ်တိုက်)၊ ဘာသာပြန်(သုတ)ဆုတွင် သက်ဆွေရေးသားသည့် အရှက်တကွဲ အကျိုးနည်းစာအုပ် (Myanmar Heritage Publishing)၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပန်းတနော်ခင်မောင်မြင့် ရေးသားသည့် ရာမညစာအုပ် (ဇွန်ပန်းမွှေးမွှေးစာပေတိုက်)၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာသန်းထိုက်ရေးသားသည့် သိပ္ပံနည်းကျဒေတာ လမ်းပြစားသောက်ကုန် တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစွာ အသုံးပြုနည်းစာအုပ် (MCM Publishing )၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Maw TharHtwe (Mandalay) ရေးသားသည့် GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY စာအုပ် (Tha Zin – Sar Pay)၊ အင်္ဂလိပ်ဘာသာ(ရသ)ဆုတွင် Maung Swe Ngae ရေးသားသည့် Through the Window of Sarpay Beikman စာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်) တို့ကိုရွေးချယ်ကြောင်း ကြေညာသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် ၂၈ ဦးဖြင့်ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်းသိရသည်။

ဆုရ‌ရှိသူများသည် ရန်ကုန်မြို့ အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁-၂၄ဝဝ၄၈ နှင့် စီမံရေးရာတယ်လီဖုန်းအမှတ် ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၈) လက်မ‌ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ‌ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်‌ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၁၃၈၄ ခုနှစ် နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ကျင်းပမည့်အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment