Saturday, October 29, 2022

တရားမဝင် ကျွန်းသစ်၊ ရေနံစိမ်း၊ ဆေးဝါးများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၂၈



တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့နယ် ကန်ရေတိုးဂိတ်အနီး၊ မင်းဘူး-ပဒါန်းကားလမ်းမကြီးဘေး၌ တရားမဝင်ရေနံစိမ်း ၄၈ ဂါလန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂၀၀၀)နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၁၂၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းနာရီစင်လမ်းဆုံတွင် Nissan X-Trail အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ၂၈ ရက်တွင် ကရင်ပြည်နယ်တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်ဆေးဝါးများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၉၇၂၄၀၀)နှင့် အဆိုပါတရားမဝင်ဆေးဝါးများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၉၇၂၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်အတွင်း တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၅၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇၁၃၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ငါးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၂၈၁၅၃၂ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်


No comments:

Post a Comment