Saturday, October 29, 2022

၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

 

နေပြည်တော် အောက်တိုဘာ ၂၈         

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ပထမဆုကို ကိုထွန်း(ကျယ်ဂေါင်)၏ ကြိုလင့်နေပါမြသီတာ၊ ဒုတိယဆုကို သန်းဝင်းထွန်း(ဆွာ)၏ ကြွေလုလုဝေ၊ တတိယဆုကို ကိုရင်ကျော်၏ အရိုင်းပန်းတစ်ပွင့် အလှဂုဏ်တင့်လေတော့ စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို ရဲမင်းစိုး၏ တိမ်တွေလွင့်မျောနေသည်နှင့် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို တက္ကသိုလ်မြမဉ္ဇူ၏ ဘဝမြစ်ပြင်ကျယ်နှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို သခင်(ဇလွန်မြေ)၏ အိမ်နှင့် အခြားဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို စဆနိုင်၏ အမေပေးသောကဗျာများ၊ ဒုတိယဆုကို သမီးပျို၏မြင်းမိုရ်သို့ ပန်းသဝဏ်လွှာ၊ တတိယဆုကို ဇလွန်ကျော်ဦး၏ ပန်းပြလမ်းနှင့်အခြားကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို သောင်းညွန့်သစ်(အမျိုးသားစာပေဆုရ)၏ ခေတ်အဆက်ဆက် မြန်မာ့သစ်တောများစီမံအုပ်ချုပ်မှု၊ ဒုတိယဆုကို အရှင်ရေဝတ(ရွှေကွမ်းသား)၏ ဘိုကလေး၏ မှတ်တမ်းဇာတ်လမ်းအလင်္ကာ၊ တတိယဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)၏ မော်ကွန်း ကဗျာအညွှန်းစာမူများကလည်းကောင်း၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ)ဆုတွင် ပထမဆုကို ဇော်လွင်ဦး (ဟင်္သာတ)၏ မင်းပူးဆရာတော် ဦးဩဘာသ၏ ဝေဿန္တရာ ဇာတ်တော်ကြီးလာအပင်များနှင့် တတိယဆုတွင် ကိုထွန်းလူ(ခြံစိုက်ပျိုးသူ)၏ မက္ကဒေး မီးယားနှစ်ရှည်ပင်များ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း စာမူများကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၏ ရှေးမြို့ဟောင်းများ သမိုင်း ခြေရာခံခရီးသွားလေ့လာရေး ဆောင်းပါးများ၊ ဒုတိယဆုကို ယဉ်အောင်ဟိန်း၏ ကျောက် သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက၊ တတိယဆုကို နွေကံ့ကော်(မြို့လှ)၏ အတွေ့ အကြုံအဖုံဖုံ ပြည်ပပညာတော်သင်မှတ်တမ်းစုံ စာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယဆုကို မင်းလွင်ဦး (အောင်ပန်း)၏ တောင်ရိုးနှင့် တတိယဆုကို မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ မြန်မာမှုနယ်မှ ပလ္လင်အလှ စာမူများကလည်း ကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ပုလောစိုးနံ့သာ၏ စက္ကူလေယာဉ်ပျံကဗျာများ၊ ဒုတိယဆုကိုသက်ဦးခင်၏ မင်္ဂလာရှိသောနေ့နှင့်က လေးဝတ္ထုတိုများ၊ တတိယဆုကို ရဲဘော်မြသိန်း(ဟိုပုံး)၏ သုတ၊ ရသအလှဝေဖြာကလေးကဗျာများ စာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကို နွေကံ့ကော်(မြို့လှ)၏ လူ့ဘဝခဏတာ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့၊ ဒုတိယဆုကို ရေနံ့သာမောင်ကျော်ညွန့်၏ ရေအဆန်လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ၊ တတိယဆုကို ဇော်မြင့်နီ၏ ပန်းတွေပွင့်တဲ့ကမ္ဘာလူငယ်ဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ မြန်မာ့သွေးနှင့် တတိယဆုကို မောင်စိုးထိုက် (သုံးဆယ်)၏ ဘဝဇာတ်ခုံပေါ်ကရသများ စာမူများကလည်းကောင်း၊ ဘာသာပြန်ဆုတွင် ပထမဆုကို ဇွဲ၏ပင်လယ်ပျော်နှင့် လက်ရွေးစင်ဝတ္ထုတိုများမှကောက်နုတ်သော ဝတ္ထုတိုသုံးပုဒ် စာမူများကလည်းကောင်း ရရှိကြသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁ဝ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၁ ခုနှစ်ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၆၂ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁-၂၄ဝဝ၄၈ နှင့် စီမံရေးရာတယ်လီဖုန်း အမှတ် ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၈) လက်မရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း)ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်(စာဆိုတော်နေ့)၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုး သားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ကျင်းပမည့်အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂ဝ၂၂ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန်နှိုးဆော်ထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment