Saturday, October 22, 2022

ပြည်သူတို့၏ဆန္ဒသဘောထားကို အလေးအနက်ထားကာ အမျိုးသားအကျိုးစီးပွားကို တာဝန်သိသိ၊ စေတနာရှိရှိ ဝိုင်းဝန်းဆောင်ရွက်

 


ရန်ကုန် အောက်တိုဘာ ၂၁

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

လေးစားဂုဏ်ယူ

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သင်တန်းသား၊ သင်တန်းသူများသည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားအတွင်းမှ အခြေခံကျသည့်လုပ်ငန်းတာဝန်များကို နှစ်ကာလအတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံရှိသူများဖြစ်သလို နိုင်ငံတော်၏သစ္စာကိုစောင့်သိရိုသေခြင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ နိုင်ငံတော်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး အမိန့်နှင့်တာဝန်များကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ခြင်းစသည့် သစ္စာတရားများကို ဦးထိပ်ထားသူများဖြစ်ကြ၍ လေးစားဂုဏ်ယူကြောင်း။

သင်တန်းသားများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပြည်သူတို့၏ဆန္ဒသဘောထားကို အလေးအနက်ထားကာအမျိုးသားအကျိုးစီးပွားကို တာဝန်သိသိ၊ စေတနာရှိရှိဝိုင်းဝန်းဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်၏မူဝါဒများ၊ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နေချိန်တွင် ဝန်ထမ်းကောင်းဟူသောအသိစိတ်ဖြင့် စိတ်ရောကိုယ်ပါအားတက်သရော ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ် များ ပေးအပ်သည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် အဆိုပါသင်တန်း၏ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှပါမောက္ခချုပ် ဦးဇော်ဇော်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းကို မေ ၂ ရက်မှ ဩဂုတ် ၁၉ ရက် အထိ Distance Learning ဖြင့်လည်းကောင်း၊ ဩဂုတ် ၂၉ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ In-House Learning ဖြင့်လည်းကောင်း Hybrid စနစ်ဖြင့် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၈၈ ဦး စုစုပေါင်း ၁၈၄ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment