နေပြည်တော် အောက်တိုဘာ ၂၄
ဒိန်းမတ်-မြန်မာ စီမံကိန်းမှ ကမ်းနီးငါးလုပ်ငန်း စစ်ဆေးရေးရေယာဉ်နှစ်စင်း လွှဲအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါးချဆိပ်ကမ်းတွင် ကျင်းပသည်။
အခမ်းအနားတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာအောင်ကြီးက ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ
ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍
မိတ်ဖက်နိုင်ငံများ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းနီးရေပြင်သည်
ရေငန်ငါးများ၏ သားပေါက်ရာ ရေပြင်ဖြစ်သည့်အတွက် အဆိုပါရေပြင်အတွင်း ငါးလုပ်ငန်းဦးစီးဌာန၏
ကမ်းနီးငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ပိုမိုအသက်ဝင်
သက်ရောက်စေနိုင်ရေး၊ တရားမဝင်ငါးဖမ်းဆီးခြင်း လျော့နည်းစေရေး၊ ကျဆင်းနေသည့် ငါးသယံဇာတ
တည်ရှိမှုပမာဏ (Biomass) ပြန်လည်တိုးပွားစေရေးအတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း
ပြောကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက
ကမ်းနီးငါးလုပ်ငန်းစစ်ဆေးရေး ရေယာဉ်နှစ်စင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဆိုပါ
ရေယာဉ်များ၏ စမ်းသပ်မောင်းနှင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို
စစ်ဆေးခဲ့ကြသည်။
ဒိန်းမတ်အစိုးရ၏
ထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့သော အဆိုပါ ကမ်းနီးငါးလုပ်ငန်း စစ်ဆေးရေးရေယာဉ်နှစ်စင်းကို
ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုဖြင့် သတ်မှတ်ရေပြင် ဧရိယာများအတွင်း
ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးများနေထိုင်ကျက်စားရာ စားကျက်ရေပြင်ဧရိယာများ၊
သားပေါက်ရာ ရေပြင်ဧရိယာများနှင့် ငါးများကြီးထွားရာ ရေပြင်များ၌ တရားမဝင် ဖမ်းဆီးမှုများ
ပပျောက်စေရန်၊ ငါးသယံဇာတ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့်
သယံဇာတကို မှီခိုအားထားနေကြသည့် ဒေသခံရေလုပ်သားများ၏ လူမှုစီးပွားဘဝကို အထောက်အကူပြုနိုင်ရန်
ရည်ရွယ်ပြီး ပင်လယ်ပြင် ကမ်းနီးငါးလုပ်ငန်း ဧရိယာအတွင်း ပုံမှန်စစ်ဆေးခြင်းများကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment