Thursday, October 27, 2022

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၂၆

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇင်မင်းထက်၊ ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊ ဦးမျိုးလှိုင်၊ ဦးဝင်းဖေ၊ ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် အရေးကြီးသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင်ကျင်းပသည့် အခမ်းအနားများအနက် အခမ်းနားဆုံး၊ အမြင့်မားဆုံး နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုအဖြစ် ဆောင်ရွက်ရန်လမ်းညွှန်ထားပါကြောင်း။

စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားမကျင်းပမီ အခြားသော ဂုဏ်ပြုအစီအစဉ်များကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အချိန်ယူကာ စီစဉ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြီးဖြစ်၍ အတွေ့အကြုံရှိပြီးဖြစ်ပါကြောင်း၊ ယင်းအတွေ့ အကြုံကို အခြေခံ၍ ပိုမိုခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန် ၆ ရပ် ချမှတ် ဆောင်ရွက်ထားပြီး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ကဏ္ဍအလိုက်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွင် ပေါင်းစပ်ပါဝင်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ယင်းနောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှု၊ ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျောင်းသား ကျောင်းသူများ စာလုံးသရုပ်ဖော်မှု၊ ဂုဏ်ပြုယာဉ်များတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဗိုလ်ရှုခံ ရင်ပြင်တွင် အသံပိုင်းဆိုင်ရာ စက်ပစ္စည်းတပ်ဆင်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြုသည်။

ယင်းနောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment