Thursday, October 27, 2022

တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းရှိပြီဖြစ်

 


နေပြည်တော် အောက်တိုဘာ ၂၆

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲခြင်းသည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နေရောင်ခြည် စွမ်းအင်ရင်းမြစ်ပေါကြွယ်ဝသဖြင့် Mega Solar Power Project များအား အောင်မြင်စွာဆောင်ရွက်ခြင်းသည် အထူးသင့်လျော်ကောင်းမွန်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအား ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား Green Power Energy Co., Ltd. တာဝန်ရှိသူများက ဓာတ်အားပေး စက်ရုံတည်ဆောက်မှု၊ နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ် (National Grid System) သို့ ၁၃၂ ကေဗွီတောင်တော်ကွင်း ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားချိတ်ဆက်နိုင်ရန် ဓာတ်အားလိုင်းများ တည် ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းတို့က ဖြည့်စွက်ရှင်းလင်းသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုစက်ရုံတွင် IEC Standard နှင့် ကိုက်ညီသော Bifacial Monocrystalline Silicon PV Module များ တပ်ဆင်ထားပြီး ဆိုလာ Tracking System တပ်ဆင်ထားခြင်း ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်စွမ်းရည် ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ မြေနေရာများ ကျန်ရှိသည့်အတွက် နောင်တွင် ထပ်မံတိုးချဲ့ တပ်ဆင်မှုများရှိလာနိုင်ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထပ်မံတိုးတက်လာမည့် တပ်ဆင်အင်အားများအတွက် ဓာတ်အားခွဲရုံ၌ ဓာတ်အားလက်ခံနိုင်ရေး ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဆိုလာမော်ကျူးများ တပ်ဆင်ထားမှုကို လည်းကောင်း၊ စက်ရုံထိန်းချုပ်အဆောက်အအုံတွင် ထိန်းချုပ်ရေးဆိုင်ရာ စက်ကိရိယာပစ္စည်းများ တပ်ဆင်ထားမှုကိုလည်းကောင်း၊ စက်ရုံအတွင်း၌ ဆိုလာမော်ကျူးများ၊ Inverter များ၊ Box Transformer များ၊ Switchgear များ တပ်ဆင်ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။

တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ မြေဧရိယာ ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co., Ltd. က အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော်ပြီးစီးမည့် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားပေး စက်ရုံတစ်ရုံဖြစ်သည်။

ယင်းဓာတ်အားပေးစက်ရုံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိ စီမံကိန်းပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ဖြစ်သည်။ မကြာမီ စက်ရုံစတင်လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅ သန်း ထုတ်လုပ်ပေးသွားမည်ဖြစ်ကာ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကို ၆ ဒသမ ၀၅ မိုင်ခန့်ရှိသည့် ၃၃ ကေဗွီကောင်းကင် ဓာတ်အားလိုင်းဖြင့် ၁၃၂ ကေဗွီ တောင်တော်ကွင်း ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment