Thursday, October 27, 2022

ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဖန်တီး စီးပွားရေးလုပ်ငန်းများမြှင့်တင်

 


နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုသည် အခြေခံကျသည့်အချက်ဖြစ်သည်။ လုပ်ငန်းကြီးများ ဆောင်ရွက်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး လုပ်ငန်းငယ်များ ဆောင်ရွက်ရန်အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာအောင် မူဝါဒများ၊ လက်တွေ့ဖန်တီးဆောင်ရွက်ပေးမှုများဖြင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနေသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများအား ရင်းနှီးမြှုပ်နှံမှုချေးငွေများကို အစဉ်အဆက်ထုတ်ချေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံး ဖြစ်ပွားလာသောအခါတွင် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ ထုတ်ချေးပေးခဲ့သည်။ ချေးငွေရယူထားသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏စီးပွားရေး လုပ်ငန်းများအောင်မြင် လာအောင် ကြိုးပမ်းဆောင်ရွက်ပြီးနောက် နိုင်ငံတော်မှထုတ်ချေးထားသော ချေးငွေများကို ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။ ချေးငွေများကို ပြန်လည်ပေးဆပ်ရာ၌ သတ်မှတ်ကာလတစ်ခုအထိ ဖြေလျှော့ ပေးမှုများ ပြုလုပ်ထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပြီး အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို အစိုးရက မြှင့်တင်အားပေးလျက်ရှိသည်။ MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းခန့် ရှိသဖြင့် MSME စီးပွားရေးလုပ်ငန်းများ အားကောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အစိုးရက ရင်းနှီးမြှုပ်နှံငွေများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ပြည်တွင်း စီးပွားရေးတိုးတက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုမှအစ အဘက်ဘက်တွင် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသဖြင့် စီးပွားရေးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အလားအလာကောင်းနှင့် အခွင့်အလမ်းကောင်းများစွာ ရှိသော်လည်း နိုင်ငံရေးပယောဂရိုက်ခတ်မှုကြောင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု၌ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃ ခုကို ခွင့်ပြုပေးနိုင်ခဲ့သည်။ အဆိုပါပြည်ပရင်းနှီးမှု လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၀၁၇ သန်းနှင့် ငွေကျပ် ၁၆၇၃၃၆ ဒသမ ၃၉၉ သန်းရှိသည်။ အဆိုပါလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်သောကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၆၈၅ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံနှင့်ဒေသစုစုပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသော နိုင်ငံနှင့်ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသောကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများ အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်နေသည်။

ယခုအခါတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရင်းနှီးမြှုပ်နှံမှုကော်မတီများက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လပတ်တွင် စက်မှုကဏ္ဍ၌ လုပ်ငန်းလေးခု၊ ဝန်ဆောင်မှုကဏ္ဍ၌ လုပ်ငန်းတစ်ခု စုစုပေါင်းငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခဲ့သဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ ဒုတိယခြောက်လပတ်အတွင်း၌လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း အလားတူတိုးတက်လာသဖြင့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အမျိုးသားရေးရည်မှန်းချက်များကို စိန်ခေါ်မှုများကြားမှ လက်တွေ့ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စီးပွားရေးတွင် အဓိကကျသည့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာတိုးမြှင့်ဖော်ဆောင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment