ရန်ကုန် ဇူလိုင် ၇
မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)က ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio(A) ၌ ကျင်းပသည်။
ကန်တော့ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ
ဟာသပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)၏
Theme Song ကိုအစည်းအရုံး ဝင်လူငယ်များက သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
အမှာစကားပြောကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက
အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပူဇော်ထိုက်သူကိုပူဇော်သည့်ပွဲဖြစ်ပြီး
သက်ကြီးဟာသပညာရှင် ကြီးများကို ပူဇော်ခြင်းဖြစ်၍ မင်္ဂလာရှိသောအခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊
ယနေ့ အခမ်းအနားသို့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် အနယ်နယ်အရပ်ရပ်မှ စုဝေးရောက်ရှိလာသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က အနုပညာရှင်များအား
ပါရမီရှင်များဟု သတ်မှတ်ဂုဏ်ပြုပြီး ဟာသပညာရှင်များကိုလည်း လေးစားပါကြောင်း၊ အနုပညာနှင့်ပြည်သူသည်
ခွဲခြားမရသည့်အတွက် အနုပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြုပြီး တိုင်းပြည်ကို အကျိုးပြုစေလိုပါကြောင်း၊
အနုပညာစွမ်းပကားဖြင့် ပြည်သူကိုစည်းလုံးနိုင်စွမ်း၊ စည်းရုံးနိုင်စွမ်းရှိပြီး အနုပညာရှင်များ၏
အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် ပြည်သူများ ပြုံးပျော်ရွှင်စေရန် ဟာသပညာရှင်ကြီးများက
တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက
မုဒိတာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ
ဦးဒိန်းဒေါင်က ကန်တော့ပွဲအခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အလှူငွေပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ် ၂၅ သိန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ
ကြီးဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများနှင့် စေတနာရှင် အလှူရှင်များက
စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၁၄၇ သိန်း ၅ သောင်းကို ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက
မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်ထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်
တိုင်းဒေသကြီး ဝန်ကြီးများက သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် လူငယ်ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင်ကြီးများအား
ကန်တော့ကြရာ ကန်တော့ခံ သက်ကြီးဟာသပညာရှင်ကြီးများကိုယ်စား သက်ကြီးဟာသပညာရှင် ဦးပေါ်လေးက
ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် သက်ကြီးဟာသပညာရှင်ကြီးများက
သက်ကြီးအငြိမ့်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊
ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အလှူရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်
သက်ကြီးဟာသပညာရှင်ကြီးများ အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်ပဒေသာကပွဲ
ကျင်းပပြုလုပ်ရန်နှင့် ပတ်သက်၍ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်၊
ဂီတ၊ သဘင်ပဒေသာကပွဲ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
ယခုပဒေသာကပွဲကြီးကို ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ကျင်းပရန် စီစဉ်ထားပြီး ယင်းရည်ရွယ်ချက်နှစ်ရပ်မှာ
ပြိုကွဲ လုနီးပါးဖြစ်နေသည့် အနုပညာလောက ပြန်လည်ရှင်သန်ရန်နှင့် ကိုဗစ်-၁၉ ကြောင့် စိတ်မွန်း
ကျပ်နေသည့် ပြည်သူများအား စိတ်ပျော်ရွှင်အပန်းပြေစေရန်ဖြစ်ပါကြောင်း၊ ပြည်သူများအား
အနုပညာဖြင့် ပြန်လည်ဖြည့်ဆည်းခြင်းဖြစ်သကဲ့သို့ အနုပညာလောက ပြန်လည်ရှင်သန်တော့
မည်ဆိုသည့်သတင်းစကားကိုလည်း ပေးသည့်သဘောဖြစ်ပါကြောင်း၊ ပဒေသာကပွဲကို စက်တင်ဘာလ ပထမပတ်မှစတင်၍
ရုပ်သံချန်နယ်များမှ ပြသရန်စီစဉ်ထားပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးရဲတင့်နှင့်
ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
ဦးကြည်စိုးထွန်း၊ မြန်မာ နိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အမှုဆောင်
ဦးဌေးလွင်နှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)တို့မှ နာယကများနှင့်
အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်သံလိုင်းများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော
ဧည့်သည်တော်များ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment