ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို လေးကြိမ်တိုင်တိုင် စုစည်းတည်ထောင်ခဲ့ရသည်ဟု သမိုင်းမော်ကွန်းရေးထိုးထားသည်။ ပထမမြန်မာနိုင်ငံ တော်ကိုပုဂံခေတ်တွင် အနော်ရထာဘုရင်မင်းမြတ်ကလည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်ကို တောင်ငူခေတ်တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာကလည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်ကို ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားဦးအောင်ဇေယျကလည်းကောင်း အခိုင်အမာစုစည်းတည်ထောင်ခဲ့ကြသည်။
ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းလက်ထက်တွင်
မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှတို့၏ လက်နက်အားကိုးဖြင့် မတရားကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး နယ်ချဲ့ကျွန်သပေါက်ဘဝကို လုံးလုံးလျားလျား ကျရောက်သွားတော့သည်။ ဤသို့ဖြင့်
မြန်မာတစ်မျိုးသားလုံးသည် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင်
ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရသည်။ နယ်ချဲ့ကျွန်ဘဝ ကျရောက်ပြီး နောက်ရာစုနှစ်တစ်ဝက်ခန့်
ကြာသည့်အခါ မြန်မာနိုင်ငံကို လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ပြန်လည်စုစည်းတည်ထောင်နိုင်သော လွတ်လပ်ရေးဗိသုကာတစ်ဦး ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာ၊ ဘုရင့်နောင်၊
အလောင်းဘုရားတို့ကဲ့သို့ပင် စတုတ္ထအကြိမ် ပြန်လည်စုစည်းတည်ထောင်သူကား ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်၌
မြန်မာနိုင်ငံရှိ ပြည်သူလူ ထုတစ်ရပ်လုံးကို ဖဆပလအလံတော်အောက်၌ တစုတရုံးတည်းစည်းရုံးပေးခဲ့သော၊
လွတ်လပ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု သမိုင်းမှတ်တိုင်ကို အခိုင်အမာစိုက်ထူပေးခဲ့သော
ဗမာ့လွတ်လပ်ရေးတပ်မတော်(ခေါ်) ဘီအိုင်အေတပ်မတော်ကြီးကို စတင်တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း
(ခေါ်)ဒို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အောင်ဆန်းဖြစ်သည်။
မြန်မာ့လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော အားထုတ်မှုများမှာ အံ့မခန်းမကုန်နိုင်အောင်
မော်ကွန်းရေးထိုးထား သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ထင်ရှားသော နိုင်ငံရေးဂုဏ်ပုဒ်တစ်ခုမှာ
နိုင်ငံရေးတရားသေဝါဒ သမားမဖြစ်ခဲ့ခြင်းပင်။ အချို့သော နိုင်ငံရေးခေါင်းဆောင်များတွင်
ဖြစ်လေ့ဖြစ်ထရှိသော တရားသေအစွဲအလမ်းဝါဒမျိုး ဗိုလ်ချုပ်အောင်ဆန်းတွင် မည်သည့်အခါမျှ
မမြင်တွေ့ရပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အကျိုးရှိမည်ဆိုပါက မိမိဆုပ်ကိုင်ထားသည့်
ဝါဒကို အခြေအနေနှင့်လျော်ညီစွာ စွန့်လွှတ်ပြောင်းလဲပေးနိုင်သူဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်
အောင်ဆန်း၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ အရင်းရှင်နယ်ချဲ့တို့အပေါ် ပြတ်သားစွာ တုံ့ပြန်မှု၊
နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းပြမှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်မြတ်နိုးမှု၊
တန်ဖိုးထားမှု၊ ဂုဏ်သိက္ခာ၊ အာဏာ၊ စည်းစိမ်ဥစ္စာတို့ကို မမက်မောမှု စသည့်ဂုဏ်ပုဒ်များမှာ
ပြောပြ၍ပင်မကုန်နိုင်ပေ။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမြတ်သော နိုင်ငံရေးဂုဏ်ဒြပ်ကို မြန်မာနိုင်ငံရှိ
ရဟန်းရှင်လူပြည်သူများက ဦးလည်မသုန် အမြဲမပြတ်လေးစားတန်ဖိုးထားလျက်၊ တန်းဖိုးထားခဲ့၊
တန်ဖိုးထားဆဲ ဖြစ်သည်။
သို့သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်
တစ်ဦးနှင့်တစ်ဦးအပေါ် အာဃာတမထား မြင့်မြတ်သောစိတ်ထားရှိခြင်းကြောင့် ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့
အားနည်း ချက်အချို့ရှိခဲ့သည်။ ယင်းမှာမိမိကိုယ်ကို ယုံကြည်မှုပိုကဲသဖြင့် ရန်သူကို
ဂရုမပြု လျစ်လျူရှု ထားခဲ့သော အမှားပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံလုံးရှိ
ပြည်သူများက မည်မျှချစ်ခင်လေးစားသည်မှန်စေ နိုင်ငံရေးအမြင်မတူသူ၊ နိုင်ငံရေးသဘောထားကွဲပြားသူ၊
ပြိုင်ဘက်ရန်သူ၊ အာဏာလက်လွှတ်ရမည့်သူများရှိနေသည်ကို သတိပြုသင့်သည်။ ယုတ်စွအ ဆုံး အသက်အန္တရာယ်ပြုသူရှိနေပါသည်ဟု
ပြောကြားသော်လည်း မယုံကြည်ခဲ့ခြင်းပင် ဖြစ်သည်။
သို့ဖြစ်ပါ၍ မြန်မာ့လွတ်လပ်ရေးဗိသုကာ
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မစားရသည့် အမဲသဲနှင့်ပက်ရန် ကြံစည်အားထုတ်သူများ၊
ယုတ်မာပက်စက်သည့် အကြံအစည်ဖြင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လူသတ်သမားများ၏
သတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်များ ရေတိမ်နစ်ခဲ့ရသည်။ တိုင်းပြည်အတွက် အမှောင်အတိဖုံးပြီး အနာဂတ်ပျောက်ဆုံးခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်
အမျိုးသားခေါင်းဆောင်များ မသမာသူလူတစ်စု၏ လုပ်ကြံမှုဖြင့်ကျဆုံးခဲ့ရ သော်လည်း မြန်မာပြည်သူတို့၏
နှလုံးသည်းပွတ်ထဲတွင် မမေ့မပျောက်ရှိနေဆဲဖြစ်သည်။ လူပင်သေသော်လည်း နာမည်မသေသည့် ထာဝရမမေ့ပျောက်နိုင်သော
အမျိုးသားခေါင်းဆောင် ကြီးဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment